လှိုင်သာယာမြို့နယ် (၁) ဈေးရှိ ဆေးဆိုင်အချို့မှ မှတ်ပုံမတင်ဆေးဝါးများ၊ အရည်အသွေးအာမခံချက်မရှိသော လိုင်းဆေးနှင့် စပ်ဆေးအမြောက်အမြား စစ်ဆေးတွေ့ရှိ

လှိုင်သာယာမြို့နယ် (၁) ဈေးရှိ ဆေးဆိုင်အချို့မှ မှတ်ပုံမတင်ဆေးဝါးများ၊ အရည်အသွေးအာမခံချက်မရှိသော လိုင်းဆေးနှင့် စပ်ဆေးအမြောက်အမြား စစ်ဆေးတွေ့ရှိ
Published 31 January 2018

ဇန်နဝါရီ ၂၉ ရက်က လှိုင်သာယာမြို့နယ် (၁) ဈေးရှိ ဆေးဆိုင်များကို FDA က ရှောင်တခင်စစ်ဆေးစဉ်

ဇန်နဝါရီ ၂၉ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်အဖွဲ့သည် လှိုင်သာယာမြို့နယ် (၁) ဈေးရှိ အစားအသောက်နှင့် ဆေးဝါးအရောင်းဆိုင်များကို စစ်ဆေးရာဆေးဆိုင်အချို့တွင် မှတ်ပုံမတင်ဆေးဝါးများ၊ အရည်အသွေးအာမခံချက်မရှိသော လိုင်းဆေးနှင့်စပ်ဆေး အမြောက်အမြားစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၉ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်အဖွဲ့နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များနှင့်အတူ လှိုင်သာယာမြို့နယ် (၁) ဈေးရှိ စားသောက်ကုန်ရောင်းချနေသော ဈေးဆိုင်များမှ အစားအသောက်နမူနာ အမျိုးပေါင်း ၂၀ ဝယ်ယူပြီး မုန့်ဖတ်၊ ပဲပြား၊ ပဲသွေး၊ လက်ဖက်၊ ငါးပိတို့ကို Test Kit ဖြင့်စစ်ဆေးရာ လက်ဖက်တစ်မျိုးတွင် တားမြစ်ဆိုးဆေး Aura Mine 0 နှင့် ပဲသွေးတွင် ဖော်မလင်ပါဝင်နေသည်ကို တွေ့ရှိရသည့်အတွက် ရောင်းချနေသူများအား တားမြစ်ဓာတုဆေးပါဝင်သောပစ္စည်းများ ရောင်းချခြင်းမပြုရန် ဝန်ခံကတိရေးထိုးခိုင်းပြီး ရောင်းလက်စကျန်ရှိသော ပစ္စည်းများကို ကော်မတီဝင်များ၏ ရှေ့မှောက်တွင်ဖျက်ဆီးခဲ့ပြီး ထုတ်လုပ်သည့်ပင်ရင်းများကို ဆက်လက်ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းနှင့် အမှတ်တံဆိပ်သတ်မှတ်ချက်နှင့် မကိုက်ညီသော စားသောက်ကုန်များနှင့် သံသယဖြစ်ဖွယ်ရှိသော စားသောက်ကုန်ပစ္စည်းများကိုလည်း ဓာတ်ခွဲစစ်ဆေးရန် ဝယ်ယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆေးဆိုင်များကို ကောင်းမွန်သောဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီ ရောင်းချမှုရှိမရှိ စစ်ဆေးရာ ဆေးဆိုင်သုံးဆိုင်တွင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ (လိုင်းဆေး) သိမ်းဆည်းရမိပြီး ဆေးဆိုင်တစ်ဆိုင်တွင် စပ်ဆေးများနှင့် လိုင်းဆေးအမြောက်အမြား တွေ့ရှိသိမ်းဆည်းရမိ၍ အရည်အသွေးအာမခံချက်မရှိသော လိုင်းဆေးများနှင့်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်သော စပ်ဆေးများရောင်းချနေသောဆေးဆိုင်များကို ထိရောက်စွာအရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၈ ခုနှစ်အတွင်း ဈေးကွက်အတွင်းရှိ အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများနှင့် ပတ်သက်သော ကြပ်မတ်စစ်ဆေးအရေးယူမှုများကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက The Year of Safety and Action အဖြစ်သတ်မှတ်ကာ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

“ဒီနှစ်မှာ အစားအသောက်၊ ဆေးဝါး၊ အလှကုန်တွေနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေအပြင် ဥပဒေအရ အရေးယူမှုတွေကိုလည်း တိုးပြီးလုပ်သွားမှာပါ။ အခုနှစ်ကို The Year of Safety and Action ဆိုပြီးသတ်မှတ်ထားပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကတည်းက အသိပညာပေးလုပ်ငန်းတွေ၊ ဆွေးနွေးပွဲတွေလုပ်ခဲ့တယ်။ စုပေါင်းပြီးလုပ်ကြဖို့အတွက် အစိုးရအဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့အစည်းအသီးသီးနဲ့လည်း ညှိနှိုင်းမှုတွေလုပ်ခဲ့ကြတယ်။ တစ်ဖက်ကလည်း စစ်ဆေးမှုတွေလုပ်ခဲ့တယ်။ ၂၀၁၇ ခုနှစ်ကျတော့ ဈေးတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြပ်ကြပ်မတ်မတ် စစ်ဆေးတာတွေလုပ်ခဲ့ပြီးပါပြီ။ နောက်ဒီနှစ်အတွင်းမှာ နိုင်ငံတော်အဆင့် အစားအသောက် ဘေးအန္တရာယ်လုံခြုံရေးမူဝါဒနဲ့ လုပ်ငန်းစီမံချက်၊ နိုင်ငံတော်အဆင့် ဆေးဝါးများဘေး အန္တရာယ်လုံခြုံရေးမူဝါဒနဲ့ လုပ်ငန်းစီမံချက်၊ နိုင်ငံတော်အဆင့် ဆေးဝါးများဘေးအန္တရာယ်လုံခြုံရေးမူဝါဒနှင့် လုပ်ငန်းစီမံချက်ဆိုတာတွေလည်း ပေါ်လာမှာဖြစ်ပါတယ်။ ဒီနှစ်မှာ ဥပဒေအရ အရေးယူတဲ့အပိုင်းကိုပိုပြီးလုပ်မှာပါ။ ကျွန်တော်တို့ မသက်ညှာတော့ပါဘူး။ ဒါကြောင့် ဒီနှစ်အတွင်းမှာ တရားစွဲတာတွေ များလာပါလိမ့်မယ်” ဟု ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

Most Read

Most Recent