သဘာဝဓာတ်ငွေ့လိုအပ်ချက်ကြောင့် ဓာတ်အားပေးစက်ရုံအချို့ စက်စွမ်းအားပြည့် မလည်ပတ်နိုင်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းနိုင်ရန် ရေနံဓာတ်ငွေ့ရည် LNG သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်လည်ပတ်မည်

သဘာဝဓာတ်ငွေ့လိုအပ်ချက်ကြောင့် ဓာတ်အားပေးစက်ရုံအချို့ စက်စွမ်းအားပြည့် မလည်ပတ်နိုင်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းနိုင်ရန် ရေနံဓာတ်ငွေ့ရည် LNG သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်လည်ပတ်မည်
Published 30 January 2018

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်

သဘာဝဓာတ်ငွေ့လိုအပ်ချက်ကြောင့် ဓာတ်အားပေးစက်ရုံအချို့ စက်စွမ်းအားပြည့် မလည်ပတ်နိုင်၍ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေနံဓာတ်ငွေ့ရည် LNG သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်လည်ပတ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်သော မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ (၂၂) ကြိမ်မြောက် အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားသည်။

ပြည်တွင်းသဘာဝဓာတ်ငွေ့ လိုအပ်မှုကြောင့် အချို့သောသဘာဝဓာတ်ငွေ့ အသုံးပြုသည့်စက်ရုံများမှ စက်စွမ်းအားပြည့် မလည်ပတ်နိုင်ကြောင်း၊ သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရေတိုနှင့် အလယ်အလတ်ကာလအတွင်း LNG တင်သွင်း၍ ဓာတ်အားပေးစက်ရုံများ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေသည့် မဟာဓာတ်အားလိုင်းကြီးများကို အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မီမဟာဓာတ်အားလိုင်း ကွန်ရက်အသစ်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ နှစ်စဉ်လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏမှာ မဂ္ဂါဝပ် ၁၀၀၀ မှ ၁၅၀၀ အတွင်းရှိသောကြောင့် အဆိုပါလိုအပ်ချက်များအား အပြည့်အဝဖြည့်ဆည်းနိုင်ရေးအတွက် စီမံကိန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တိုးတက်ကောင်းမွန်ရေးတို့အတွက် ဇန်နဝါရီ ၂၇ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်လည်း မဂ္ဂါဝပ် ၁၂၃၀ နှင့် ၁၃၉၀ ထွက်မည့် LNG ရေနံဓာတ်ငွေ့ရည်အသုံးပြုပြီး ဓာတ်အားထုတ်လုပ်မည့် စက်ရုံနှစ်ရုံကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ကံပေါက်ဒေသနှင့် ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင့်ဒေသတွင် သုံးနှစ်အတွင်း တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက် ခန့်မှန်းထားမှုအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့်လိုအပ်ကြောင်း လက်ရှိထုတ်လုပ်နိုင်မှုအရ မဂ္ဂါဝပ် ၃၀၀၀ ခန့်သာရှိသဖြင့် နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ ခန့်လိုအပ်ကြောင်း သုံးနှစ်အတွင်း လိုအပ်ချက်များကို ပြည့်မီရန် ဓာတ်အားပေးစက်ရုံများ ဆောင်ရွက်ရမည်ဆိုပါက LNG ရေနံဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် LNG အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆုံးဖြတ်ချက်ချဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်နှင့်ပတ်သက်လျှင် Installes Capacity ၅၀၀၀ ခန့် ကို ဓာတ်အားပေးစက်ရုံ ၅၂ ရုံမှ ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ မြန်မာတစ်ပြည်လုံး သန်းခေါင်စာရင်းအရ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်တွင် လျှပ်စစ်မီးအသုံးပြုနေသည့် အိမ်ထောင်စုပေါင်း လေးသန်းကျော်ရှိသည့်အနက် ရန်ကုန်မြို့သည် ၁ ဒသမ ၃ သန်းခန့် အသုံးပြုလျက်ရှိသည့်အတွက် လျှပ်စစ်ဓာတ်အားရရှိရေး အလေးပေးဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။