ရေးမြို့နယ် ကျောင်းရွာကျေးရွာအထက်ပိုင်း ရေးချောင်းဖျားတွင် တရားမဝင် ရွှေစမ်းသပ်တူးဖော်ရန် ရောက်ရှိနေသူများအား ဖမ်းဆီးရမိ

ရေးမြို့နယ် ကျောင်းရွာကျေးရွာအထက်ပိုင်း ရေးချောင်းဖျားတွင် တရားမဝင် ရွှေစမ်းသပ်တူးဖော်ရန် ရောက်ရှိနေသူများအား ဖမ်းဆီးရမိ
Published 29 January 2018

ရေးချောင်းဖျားဒေသ ရွှေစမ်းသပ်တူးဖော်မှု ပြုလုပ်နေသည်များကို တွေ့ရစဉ်

မွန်ပြည်နယ် ရေးမြို့နယ်ကျောင်းရွာ ကျေးရွာအထက်ပိုင်း ရေးချောင်းဖျားဒေသ၌ တရားမဝင် ရွှေစမ်းသပ်တူးဖော်ရန် ရောက်ရှိနေသူများအား ရွှေတူးဖော်သည့် ပစ္စည်းများနှင့်အတူ ဇန်နဝါရီ ၂၇ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိခဲ့သူများမှာ ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့စုရပ်ကွက်နေ ဦးမျိုးမြင့် (၅၄ နှစ်) (ဘ) ဦးထွန်းသောင်း၊ ကချင်ပြည်နယ် မိုးညှင်းမြို့ သာယာကုန်းကျေးရွာနေ ဦးဝင်းအောင် (၃၁ နှစ်)  (ဘ) ဦးထွန်းမောင်၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းကုန်းကျေးရွာအုပ်စု ဘိုကုန်းကျေးရွာနေ ဦးအောင်ကိုဦး (၃၁ နှစ်)  (ဘ) ဦးကျော်မောင်၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ ဖွဲကုန်းရပ်ကွက်နေ ဦးမျိုးဇော် (ခ) မင်းသူ (၃၅ နှစ်)  (ဘ) ဦးစိုးဝင်း၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာနေ ဦးကျော်စွာ (၃၀) နှစ် (ဘ) ဦးဝင်းမောင်နှင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊  ညောင်ကုန်းရပ်ကွက် (၁) နေ ဦးလုံးလုံး (ခ) ထွန်းထွန်းဦး (ဘ) ဦးထွန်းခင်တို့ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထို့ပြင် ၎င်းတို့နှင့်အတူ လေအိုးနှင့် အဲယားကွန်ဒစ်ဆာ၊ မုန်အိုးတို့တွဲလျက်ပါရှိသည့် တရုတ်နိုင်ငံလုပ် Jiang Gong အမျိုးအစား မြင်းကောင်ရေ (၂၅) ကောင်အားရှိ အင်ဂျင်စက်ငါးလုံး၊ လေအိုးနှင့် အဲယားကွန် ဒစ်ဆာ၊ မုန်အိုးတို့တွဲလျက်ပါရှိသည့် တရုတ်နိုင်ငံလုပ် Jieneng အမျိုးအစား မြင်းကောင်ရေ (၂၅) ကောင်အားရှိ အင်ဂျင်စက်နှစ်လုံး၊ ထိုင်းနိုင်ငံလုပ် Honda အမျိုးအစား မြင်းကောင်ရေ ကိုးကောင်အားရှိ ဝင်ရိုးနှင့်ပန် ကာတွဲလျက် အင်ဂျင်စက်တစ်လုံး၊ ဒုံးကျည် ခုနစ်ခု၊ ခြောက်လက်မအရွယ် လည်ချောင်းပိုက် ခုနစ်ခု၊ ရွှေမှုန်ဖမ်းသည့် အစိမ်းရောင် ကော်ဇောတပ် မျှောဇလားခုနစ်ခု၊ သစ်သားဖြင့် ပြုလုပ်ထားသည့် ရွှေကျင်ဗန်းကိုးခု၊ တစ်ကျပ်သားခန့် ပြဒါးရည်ထည့်သည့် မီးခြစ်တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ရွှေတူးဖော်တာတွေတော့ မလုပ်ရသေးဘူး။ စမ်းသပ်တုန်း။ မအောင်မြင်လို့ ပြန်လာတဲ့အချိန်မှာ ဖမ်းမိတာပါ။ သူတို့ကတော့ ခွင့်ပြုချက်ရဖို့ဆောင်ရွက်နေတယ်လို့တော့ ပြောတယ်။ စမ်းသပ်တာအောင်မြင်ရင်တော့ ခွင့်ပြုချက်တောင်းမယ်လို့ ပြောတယ်။ အခုက စမ်းသပ်ကာလဖြစ်နေတယ် ပေါ့ဗျာ။ ဒါတွေက ခွင့်ပြုချက်မရှိဘဲ ခိုးတူးတဲ့သဘောပါပဲ” ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ညိုက The Daily Eleven သတင်းစာသို့ပြောကြားသည်။

အဆိုပါ ရေးမြို့နယ် ရေးချောင်းဖျားဒေသ၌ တရားမဝင် ရွှေကျင်လုပ်ငန်းများ လာရောက်လုပ်ကိုင်သူ၊ တရားမဝင် ရွှေကျင်လုပ်ငန်း လုပ်ကိုင်ရန် စမ်းသပ်သူ၊ ကြံစည်အားထုတ်သူ ဦးမျိုးမြင့်ပါခြောက်ဦးအား ရေးမြို့ မရဲစခန်းမှ (ပ) ၃၂/၂၀၁၈၊ မြန်မာ့သတ္တု တွင်း ဥပဒေပုဒ်မ-၃၀(ခ) အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။