မဂ္ဂါဝပ် ၁၂၃၀ နှင့် ၁၃၉၀ ထွက်မည့် LNG ဓာတ်အားပေးစက်ရုံနှစ်ရုံကို ထားဝယ်၊ ကံပေါက်ဒေသနှင့် ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင့်ဒေသတွင် သုံးနှစ်အတွင်း တည်ဆောက် အကောင်အထည်ဖော်မည်ဟု ဆို

မဂ္ဂါဝပ် ၁၂၃၀ နှင့် ၁၃၉၀ ထွက်မည့် LNG ဓာတ်အားပေးစက်ရုံနှစ်ရုံကို ထားဝယ်၊ ကံပေါက်ဒေသနှင့် ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင့်ဒေသတွင် သုံးနှစ်အတွင်း တည်ဆောက် အကောင်အထည်ဖော်မည်ဟု ဆို
Published 29 January 2018

မဂ္ဂါဝပ် ၁၂၃၀ နှင့် ၁၃၉၀ ထွက်မည့် LNG သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး ဓာတ်အားထုတ်လုပ်မည့် စက်ရုံနှစ်ရုံကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ကံပေါက်ဒေသနှင့် ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင့်ဒေသတွင် သုံးနှစ်အတွင်း တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တိုးတက်ကောင်းမွန်ရေးတို့အတွက် ဇန်နဝါရီ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက် ခန့်မှန်းထားမှုအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်ကြောင်း၊ လက်ရှိထုတ်လုပ်နိုင်မှုအရ မဂ္ဂါဝပ် ၃၀၀၀ ခန့်သာရှိသဖြင့် နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ ခန့် လိုအပ်ကြောင်း၊ သုံးနှစ်အတွင်း လိုအပ်ချက်များကို ပြည့်မီရန် ဓာတ်အားပေးစက်ရုံများ ဆောင်ရွက်ရမည်ဆိုပါက LNG သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများပင်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် LNG သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆုံးဖြတ်ချက်ချ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထားဝယ်၊ ကံပေါက်ဒေသတွင် မဂ္ဂါဝပ် ၁၂၃၀ နှင့် ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင့်ဒေသတွင် မဂ္ဂါဝပ် ၁၃၉၀ ဓာတ်အားပေးစက်ရုံကြီး နှစ်ရုံကို သုံးနှစ်အတွင်း တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဝင်းခိုင်က ဆက်လက်ပြောကြားသည်။

ထားဝယ်၊ ကံပေါက်ဒေသတွင် မဂ္ဂါဝပ် ၁၂၃၀ LNG ဓာတ်အားပေး စက်ရုံကြီး တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တောင်ပိုင်းဓာတ်အား ကွန်ရက်စနစ်အနေဖြင့် စတင် ထူထောင်တော့မည်ဖြစ်ကြောင်း၊ ထားဝယ်၊ ကံပေါက်ဒေသမှ ပဲခူး၊ ဘုရားကြီးအထိ ကီလိုမီတာ ၄၅၀ ရှည်လျားသည့် ဗို့ ၅၀၀ ဓာတ်အားလိုင်းကြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း သိရသည်။

အနောက်ဘက်ဓာတ်အား ကွန်ရက်စနစ်အနေဖြင့် မြန်မာပြည် အနောက်ပိုင်း ကျောက်ဖြူဒေသမှ ထွက်ရှိလာမည့် ကမ်းလွန်ဓာတ်ငွေ့ အလားအလာမျှော်မှန်း၍ ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ရန် ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင့်တွင် မဂ္ဂါဝပ် ၁၃၉၀ ရှိ LNG ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးဝင်းခိုင်က ဆိုသည်။

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်နှင့် ပတ်သက်လျှင် Installed Capacity 5000 ခန့်ကို ဓာတ်အားပေး စက်ရုံ ၅၂ ရုံမှ ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ မြန်မာတစ်ပြည်လုံး သန်းခေါင်စာရင်းအရ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်တွင် လျှပ်စစ်မီး အသုံးပြုနေသည့် အိမ်ထောင်စုပေါင်း လေးသန်းကျော်ရှိသည့်အနက် ရန်ကုန်မြို့သည် ၁ ဒသမ ၃ သန်းခန့် အသုံးပြုလျက်ရှိသည့်အတွက် လျှပ်စစ်ဓာတ်အားရရှိရေး အလေးပေး ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးစီမံကိန်းများနှင့် ဦးစားပေး အစီအစဉ်အရ ရန်ကုန်မြို့၏ လျှပ်စစ်ကဏ္ဍသည် နံပါတ် (၁) ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တိုးတက်ကောင်းမွန်ရေးတို့အတွက် ဇန်နဝါရီ ၂၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent