ရဲတပ်သားဇနီးကို ရဲတပ်ဖွဲ့ဝင် အချို့နှင့် ၎င်းတို့၏ ဇနီးများက အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုအား အမှုဖွင့် အရေးယူပေးခြင်း မရှိကြောင်း သတင်းစာရှင်းလင်း

ရဲတပ်သားဇနီးကို ရဲတပ်ဖွဲ့ဝင် အချို့နှင့် ၎င်းတို့၏ ဇနီးများက အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုအား အမှုဖွင့် အရေးယူပေးခြင်း မရှိကြောင်း သတင်းစာရှင်းလင်း
Published 27 January 2018

သတင်းစာ ရှင်းလင်းနေသည့် ရဲတပ်သား ဇနီးမောင်နှံအား တွေ့ရစဉ်

ရဲတပ်သားဇနီးကို အရာရှိပါဝင်သော ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုကို အမှုဖွင့် အရေးယူပေးခြင်း မရှိကြောင်း ကာယကံရှင် ရဲတပ်သားနှင့် ဇနီးက ဇန်နဝါရီ ၂၆ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၈၀ နှင့် ၉ လမ်းရှိ အမှတ်(၄) နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား သန်းဖြိုးအောင်၏ဇနီး မပွင့်ဖြူခိုင်ကို အရာရှိတစ်ဦးနှင့် ရဲတပ်သား တစ်ဦးတို့၏ ဇနီးများက ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ရိုက်နှက်ခဲ့မှုအား အမှုဖွင့် အရေးယူပေးခြင်း မရှိသည့်အတွက် ရှင်းလင်းရခြင်း ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၀ ရက်ညက ရဲတပ်သား သန်းဖြိုးအောင်၏ ဇနီးဖြစ်သူ မပွင့်ဖြူခိုင်သည် ကလေးသိပ်နေစဉ် တစ်ဖက်အခန်းမှ ရဲတပ်သား စိုင်းအာကာဖြိုးမှာ အရက်သောက်စား မူးယစ်လာပြီး ၎င်းအိမ်တွင် မွေးထားသော ခွေးများအား အော်ဟစ်ဆဲဆိုနေသဖြင့် မပွင့်ဖြူခိုင်မှ သွားရောက် ပြောဆိုခဲ့ကြောင်း၊ ထို့နောက် အပြန်အလှန် အချင်းများခဲ့သဖြင့် စခန်းမှူးထံတိုင်ရန် ထွက်လာစဉ် ရဲတပ်သား စိုင်းအာကာဖြိုးနှင့် ဇနီးက ဆဲဆိုကာ မပွင့်ဖြူခိုင်ကို ကုတ်ခြစ်ခဲ့ခြင်း၊ လက်သီးဖြင့် ထိုးခဲ့ခြင်း၊ ထို့ပြင် ရဲတပ်သား စိုင်းအာကာဖြိုး၏ ဘေးလိုင်းခန်း တစ်ခန်းကျော်မှ ရဲအုပ် ရဲကျော်သူနှင့် ဇနီးကပါ ဆွဲသလိုနှင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

ထိုးကြိတ်ခံရသည့် မပွင့်ဖြူခိုင်၏ခင်ပွန်း ရဲတပ်သား သန်းဖြိုးအောင်က “အဲဒီနေ့ညက သံဃာအပါးနှစ်သောင်း ဆွမ်းလောင်းပွဲ လုံခြုံရေးကျလို့ အိမ်ခဏပြန်လာပြီး ပိုက်ဆံလာယူတဲ့အချိန် ဖြစ်ပွားခဲ့တာပါ။ ကျွန်တော့်ဇနီးကို အခုလိုဝိုင်းဝန်း ထိုးကြိတ်နေတဲ့ထဲမှာ ရဲအုပ်တစ်ဦး ပါနေတဲ့အတွက် ဝင်ရောက်ဟန့်တား မဖျန်ဖြေရဲပါဘူး။ ကျွန်တော့်မိန်းမ ဝိုင်းဝန်းရိုက်နှက် ခံရတာတွေကို ဘယ်သူကမှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသလို အမှုလည်း မဖွင့်ပေးတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ အခုလို မီဒီယာတွေ ချပြရှင်းလင်းရတဲ့အတွက် ကျွန်တော့်ကို နေရာပြောင်းရွှေ့တွေ၊ ရဲစည်းကမ်း ထိန်းသိမ်းရေးနဲ့ အရေးယူရခံနိုင် တာတွေလည်း သိပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် (၄) ရဲစခန်းသို့ သွားရောက် မေးမြန်းရာ အခင်းဖြစ်ပွားသည့်နေ့က တာဝန်မှူးဖြစ်သည့် ဒုရဲအုပ်သက်ဦးက “အမှုမဖွင့်ပေးဘူးဆိုတာ မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်ကိစ္စဖြစ်လို့ အဆင့်ဆင့် တင်ပြထားရပါတယ်။ အခင်းဖြစ်တဲ့အချိန် ကျွန်တော် တာဝန်မှူးကျနေတော့ ဝင်ရောက် ထိန်းသိမ်းခဲ့ရတာပါ” ဟု ဖြေကြားသည်။

မပွင့်ဖြူခိုင်နှင့် အချင်းများခဲ့သည့် ရဲတပ်သား စိုင်းအာကာဖြိုးနှင့် သူ၏ဇနီး အပါအဝင် ရဲအုပ် ရဲကျော်သူတို့ ဇနီးမောင်နှံကိုပါ ထည့်သွင်းတိုင်ကြားခဲ့သဖြင့် ရဲအုပ် ရဲကျော်သူ၏ဇနီး မအိမွန်ခိုင်ကို မေးမြန်းရာ “တကယ်တော့ မပွင့်ဖြူခိုင်ကအရင် စိုင်းအာကာဖြိုးဇနီးကို ဆံပင်ဆောင့်ဆွဲ ခေါ်သွားတာပါ။ ကျွန်မတို့ ဇနီးမောင်နှံက ဝင်ရောက် ဖြန်ဖြေတာပါ။ ကျွန်မတို့လုံး၀ ရိုက်နှက်ခဲ့ခြင်း မရှိပါဘူး” ဟုပြောကြားသည်။

ထိုသို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ရဲတပ်သား သန်းဖြိုးအောင်အား ညနေ ၆ နာရီခွဲခန့်တွင် အောင်မြေသာစံ မြို့နယ်မှူးကိုယ်တိုင် လာရောက် ခေါ်ဆောင်သွားကြောင်း သန်းဖြိုးအောင်၏ ဇနီးဖြစ်သူ မပွင့်ဖြူခိုင်၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent