ပြည်တွင်း၌ မိုးစပါး လက်ကျန်နည်းနေသည့်အတွက် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု ထက်ဝက်လျော့ကျ

ပြည်တွင်း၌ မိုးစပါး လက်ကျန်နည်းနေသည့်အတွက် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု ထက်ဝက်လျော့ကျ
Published 25 January 2018

ရန်ကုန်မြို့ ဘုရင့်နောင်ဝင်းအတွင်းရှိ ဆန်ပွဲရုံတစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

ပြည်တွင်း၌ မိုးစပါးလက်ကျန်နည်းနေပြီး နွေစပါးမပေါ်သေးသည့်အတွက်ကြောင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု ထက်ဝက်အထိလျော့ကျနေကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူးက ပြောကြားသည်။

“လက်ရှိအနေအထားက ကျွန်တော်တို့ မိုးစပါးက အခုလက်ကျန်နည်းသွားပြီ။ နွေစပါး ပေါ်ခါနီးပြီလေ။ မိုးစပါးလက်ကျန်နည်းတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာတော့ ဆန်အဝင်နည်းနည်းပါးတယ်။ အရင်တုန်းက အိတ်ငါးသောင်း၊ ခြောက်သောင်းဝင်တဲ့ ကုန်စည်ဒိုင်အဝင်အားက အခုဆိုရင် နှစ်သောင်း၊ သုံးသောင်းလောက်ပဲ ဝင်တော့တယ်။ တစ်ဝက်လောက် လျော့သွားတယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် နယ်ပေါင်းစုံမှ တစ်နေ့လျှင် ဆန်အိတ်ရေ ငါးသောင်းမှ တစ်သိန်းကြားအထိ ဆန်အဝင်ရှိသော်လည်း ပြီးခဲ့သည့်နှစ် မိုးစပါးပေါ်ချိန်တွင် မိုးရွာသွန်းမှုများပြားကာ ဆန်သစ်ပေါ်ချိန်နောက်ကျသဖြင့် ရန်ကုန်သို့ ဆန်အိတ်ရေ နှစ်သောင်းခွဲမှ သုံးသောင်းခန့်သာ ဝင်ရောက်ခဲ့မှုများရှိခဲ့ကြောင်း သိရသည်။

လက်ရှိ နွေစပါးပေါ်ချိန်တွင်လည်း မိုးစပါးလက်ကျန်များ ကျန်ရှိမှုနည်းပါးသည့်အပြင် နွေစပါးမပေါ်သေးသည့်အတွက် လက်ရှိအချိန်တွင်လည်း ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှုနှုန်း ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ဆန်ဈေးကွက်အတွင်း ငါးဘီလျံကျော် လိမ်လည်သွားသည့် ငွေကြေးအရှုပ်အရှင်း ပြဿနာတစ်ခုလည်း ယခုဇန်နဝါရီ ၅ ရက်ကဖြစ်ပွားခဲ့သည့်အတွက် ဘုရင့်နောင်သို့ ဆန်ဝင်ရောက်မှုကို အနည်းငယ်ထိခိုက်စေကြောင်း ဦးသန်းဦးက ပြောကြားသည်။

အဆိုပါလိမ်လည်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းသို့ လာရောက်တိုင်ကြားသူ ၆၀ ကျော်ရှိပြီး စုစုပေါင်းပမာဏမှာ ကျပ်ငါးဘီလျံကျော်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂၄ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ဆန်ဈေးများမှာ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၀၀၀၀ မှ ၃၃၀၀၀ ကြား၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၂၀၃၀၀ မှ ၂၃၅၀၀ ကြား၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၀၀၀၀ မှ ၆၆၀၀၀ ကြား၊ မိုးသုခ (ရှယ်) တစ်အိတ်လျှင်ကျပ် ၂၅၅၀၀ မှ ၂၆၀၀၀ ကြား၊ နွေဆန် (ရက် ၉၀) တစ်အိတ်လျှင် ကျပ် ၂၅၀၀၀ မှ ၂၅၅၀၀ ကြား အသီးသီးရှိနေကြောင်း မြန်မာနိုင်ငံဆန်ကုန်သည်အသင်းမှ သိရသည်။

ဇန်နဝါရီလဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သည့် ဆန်ဈေးများမှာ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၀၀၀၀ မှ ၃၃၀၀၀ ကြား၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၂၀၃၀၀ မှ ၂၃၅၀၀ ကြား၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၇၀၀၀ မှ ၆၀၀၀၀ ကြား၊ မိုးသုခ (ရှယ်) တစ်အိတ်လျှင် ကျပ် ၂၅၅၀၀ မှ ၂၆၀၀၀ ကြား၊ နွေဆန် (ရက် ၉၀) တစ်အိတ်လျှင် ကျပ် ၂၆၀၀၀ မှ ၂၇၀၀၀ ကြား အသီးသီးရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်ကုန်သည်အသင်းမှ သိရသည်။