ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ပွိုင့် ၉၀ အောက်ဆင်းသွားပြီး နိုင်ငံခြားငွေလဲနှုန်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ၁၃၃၂ ကျပ်အထိ ကျဆင်း

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ပွိုင့် ၉၀ အောက်ဆင်းသွားပြီး နိုင်ငံခြားငွေလဲနှုန်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ၁၃၃၂ ကျပ်အထိ ကျဆင်း
Published 25 January 2018

ဇန်နဝါရီ ၂၄ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ပွိုင့် ၉၀ အောက်သို့ဆင်းသွားပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ၁၃၃၂ ကျပ်အထိ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းသည် သုံးနှစ်ကျော်အတွင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ဇန်နဝါရီ ၂၄ ရက်တွင် ၈၉ ဒသမ ၆၇ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သော ဒီဇင်ဘာ ၈၊ ၁၂၊ ၁၃ ရက်တွင် ၉၄ ပွိုင့်အထက်သို့ ရောက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၈ နှင့် ၂၀ ရက်တွင် ၉၃ ပွိုင့်အောက်သို့ရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၉ ရက်တွင် ၉၂ ပွိုင့်အောက်စဆင်းခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် ၉၁ ပွိုင့်အောက်၊ ဇန်နဝါရီ ၂၃ ရက်တွင် ပွိုင့် ၉၀ အောက်သို့ ဆက်ဆင်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ဇန်နဝါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂ ပွိုင့်အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁၈ ရက်နောက်ပိုင်းကတည်းက ပွိုင့် ၁၀၀ အောက်၊ မေ ၁၅ ရက်မှစတင်ကာ ၉၉ ပွိုင့်အောက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သောဧပြီလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၁၀၁ ဒသမ ၂၂ ပွိုင့်ဖြစ်ပြီး မေလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၉ ဒသမ ၆၅ ပွိုင့်၊ ဇွန်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၇ ဒသမ ၅၃ ပွိုင့်၊ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၆ ဒသမ ၂၀ ပွိုင့်၊ သြဂုတ်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၀၁ ပွိုင့်၊ စက်တင်ဘာလအတွင်း အမြင့်ဆုံးနှုန်းမှာ ၉၃ ဒသ မ ၃၇ ပွိုင့်၊ အောက်တိုဘာလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၉၄ ပွိုင့်၊ နိုဝင်ဘာလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၉၇ ပွိုင့်၊ ဒီဇင်ဘာလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၁၈ ပွိုင့်ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ မတ်တွင် ၁၃၅၇-၁၃၇၀ ကျပ်၊ ဧပြီတွင် ၁၃၄၇-၁၃၆၁ ကျပ်၊ မေတွင် ၁၃၄၈-၁၃၆၃ ကျပ်၊ ဇွန်တွင် ၁၃၅၀-၁၃၆၁ ကျပ်၊ ဇူလိုင်တွင် ၁၃၅၅-၁၃၆၃ ကျပ်၊ သြဂုတ်တွင် ၁၃၅၃-၁၃၅၈ ကျပ်၊ စက်တင်ဘာတွင် ၁၃၄၇-၁၃၅၆ ကျပ်၊ အောက်တိုဘာတွင် ၁၃၄၉-၁၃၅၈ ကျပ်၊ နိုဝင်ဘာတွင် ၁၃၅၆ -၁၃၅၉ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၅၄-၁၃၅၉ ကျပ်တို့ဖြစ်ပြီး ကွာဟချက်အများဆုံး ၁၄ ကျပ်ဝန်းကျင်သာ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းတွင် ၁၃၅၄ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေရာမှ ဇန်နဝါရီ ၂၃ ရက်တွင် ၁၃၃၅ ကျပ်၊ ဇန်နဝါရီ ၂၄ ရက်တွင် ၁၃၃၂ ကျပ်အထိကျဆင်းခဲ့သည်။ ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း ဆက်လက်ကျဆင်းလာသော်လည်း ဗဟိုဘဏ်က ၎င်း၏ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ဇန်နဝါရီ ၂၄ ရက်၌ တစ်ဒေါ်လာ ၁၃၄၂ ကျပ်အဖြစ် ဆက်လက်သတ်မှတ်ခဲ့သည်။