မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသော ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး အမှုတွင် တရားလို ဒုတိယရဲမှူးကြီးအား စတင်စစ်ဆေး

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသော ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး အမှုတွင် တရားလို ဒုတိယရဲမှူးကြီးအား စတင်စစ်ဆေး
Published 24 January 2018

ရိုက်တာသတင်းထောက်နှစ်ဦးကို ဇန်နဝါရီ ၂၃ ရက်က ရုံးထုတ်လာစဉ်

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေဖြင့် တရားစွဲဆိုခံထားရသော ရိုက်တာ သတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး အမှုမှ သတင်းထောက်နှစ်ဦးကို ဇန်နဝါရီ ၂၃ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလို ဒုတိယရဲမှူးကြီးအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

လာရောက်ထွက်ဆိုခဲ့သူမှာ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်ဖြစ်ပြီး ၎င်းက အခင်းဖြစ်ပွားစဉ်ညက သတင်းထောက်နှစ်ဦးအား ဖမ်းဆီးခဲ့ပုံနှင့် ၎င်းင်းတို့ထံမှ သိမ်းဆည်းရမိခဲ့သော စာရွက်စာတမ်းများနှင့် ပတ်သက်၍ ထွက်ဆိုခဲ့သည်။

အဆိုပါ ဒုတိယရဲမှူးကြီးက ထွက်ဆိုရာ တွင် ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီ ၅၅ မိနစ် ခန့်တွင် ထောက်ကြန့်နယ်မြေ ရဲစခန်းမှ နယ်ထိန်းအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များ ယာဉ်စစ် ပိတ်ဆို့စစ်ဆေးနေစဉ် လမ်းလျှောက်လာသည့် မသင်္ကာသူနှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ထံမှ ဖမ်းဆီးရမိခဲ့သည့် ၂၇.၈.၂၀၁၇ ရက်တွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်အပြီး ကျန်ရှိသည့် လူ/လက်နက်/ခဲယမ်း စာရင်းပေးပို့ချက် အစီရင်ခံစာ မိတ္တူတစ်စောင်၊ ရခိုင်ပြည်နယ် ရှေ့တန်းအမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်ရှိ ဒေသအမှတ် (၃) မှ ၂၅.၈.၂၀၁၇ မှ ၁၃.၁၀.၂၀၁၇ အထိ ဘင်္ဂါ လီ^တိုင်းရင်းသားကျေးရွာများမှ မီးလောင်မှု အခြေအနေများ၊ လူနေထိုင်မှုအခြေအနေ များ၊ လူဦးရေသန်းခေါင်းစာရင်းအခြေအနေ စာရင်းအစီရင်ခံစာတစ်စောင်နှင့်အတူ ၎င်းတို့၏ဖုန်းများ၊ MPU နှင့် ATM ကတ်များ၊ မြန်မာငွေများကို သိမ်းဆည်းရမိကြောင်း မင်္ဂလာဒုံမြို့မရဲတပ်ဖွဲ့မှူး ရဲမှူးမင်းသန့်က သတင်းပေးပို့ကြောင်း၊ ထို့နောက် အဆင့်ဆင့် တင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတရုံးသို့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ ၃ (၁) (ဂ) တို့ဖြင့် တရားစွဲဆိုရန် တင်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ ခွင်ပြုမိန့်ရ၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ထွက်ဆိုခဲ့သည်။

ဖမ်းဆီးခံ သတင်းထောက်နှစ်ဦး၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က မီဒီယာများသို့ ဖြေကြားရာတွင် “အကြမ်းဖျင်းကတော့ သူတို့အဓိက ထွက်ဆိုချက်ပေါ်မှာ အပြန်အလှန် မေးခွန်းမေးမြန်းတာပါ။ အဲဒီမှာ ထူးခြားတာက သတင်းသမားတွေက သတင်းမီဒီယာဥပဒေနဲ့အညီ သူတု့ိလုပ်သွားတာ ဆိုတာက တရားလိုကထွက်တယ်။ နောက်တစ်ခါ ဖမ်းဆီးတဲ့နေရာ ကွဲလွဲချက်တွေရှိတယ်။ အဲဒါက ရှာဖွေပုံစံ။ ကျော်စိုးဦးကို ဖမ်းတဲ့နေရာက ဘီယာဆိုင် အပေါက်ဝဖြစ်ပြီးတော့ ကိုသက်ဦးမောင်ကို ဖမ်းတဲ့နေရာကတော့ အမှတ် (၃) လမ်းနဲ့ နီလာလမ်းထောင့်မှာ ဖမ်းတယ်ဆိုပြီးတော့ အဲဒါက ကွဲလွဲချက်တွေ ဖြစ်နေတယ်။ နေရာကွဲလွဲချက်ကို ဝန်ခံသွားကြတယ်။ ထူးခြားတာက သမ္မတရုံးရဲ့ တရားစွဲဖို့ခွင့်ပြုမိန့်နဲ့ ပတ်သက်ပြီးတော့ စွပ်စွဲခံရသူတွေကို ဖမ်းတာက ၁၂ ရက်နေ့ ည ၉ နာရီနီးပါးမှာဖမ်းတယ်။ ဒါပေမဲ့ ၁၀ နာရီမှာ သမ္မတရုံးကို ခွင့်ပြုမိန့် တောင်းဖို့စာတွေက အဆင်သင့်ဖြစ်နေတယ် ဆိုတာကို ထွက်ဆိုသွားတယ်။ ဒီဟာတွေ တစ်နာရီအတွင်း ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ် ဆောင်တယ်” ဟု ထည့်သွင်းပြောကြားသည်။

ထို့ပြင် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရစဉ်က တစ်ပါတည်းဖမ်းဆီး၍ အရေးယူခဲ့သည်ဆိုသော ရဲအရာရှိ တစ်ဦးနှင့် ရဲတပ်ကြပ်တစ်ဦး ကိစ္စနှင့်ပတ်သက်၍ ဒုတိယရဲမှူးကြီးယုနိုင်က ၎င်း၏ခရိုင်ထဲတွင် တရားစွဲဆိုထားခြင်း မရှိကြောင်း ထွက်ဆိုခဲ့သည်ဟု ရှေ့နေဦးသန်းဇော်အောင်က ပြောကြားသည်။

တရားလိုဖြစ်သူအား စတင်စစ်ဆေးသည့်ရုံးချိန်းတွင် တရားရုံးသို့ ရိုက်တာသတင်းဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံး အချို့မှ တာဝန်ရှိသူများ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ တာဝန်ရှိသူနှင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် သတင်းမီဒီယာများက တရားခွင်အတွင်း ဝင်ရောက်နားထောင် ခဲ့ကြသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးအား ထောက်ကြန့်နယ်မြေ ရဲစခန်းတွင် (ပ) ၁၂၉၈/၂၀၁၇၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ပါဝင်ပတ်သက်သူ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ နှစ်ဦးကိုလည်း ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မအရ လည်းကောင်း၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရလည်းကောင်း ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က သတင်း ထုတ်ပြန်ထားသည်။