နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုကြီးဟူသည် ခေါင်းစဉ်ဖြင့် မောင်စာဂ အမည်ဖြင့် ရေးသားထားသော ဆောင်းပါး နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ

နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုကြီးဟူသည် ခေါင်းစဉ်ဖြင့် မောင်စာဂ အမည်ဖြင့် ရေးသားထားသော ဆောင်းပါး နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ
Published 23 January 2018

နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုကြီးဟူသည် ခေါင်းစဉ်ဖြင့် မောင်စာဂ အမည်ဖြင့် ရေးသားထားသော ဆောင်းပါးအား နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။

အဆိုပါဆောင်းပါးအား ဇန်နဝါရီ ၂၁ ရက်ထုတ် နိုင်ငံပိုင်ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာတို့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယင်းဆောင်းပါးတွင် ယနေ့အချိန်အခါ သမယတွင် ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားပြည်သူအပေါင်းက ရွေးကောက်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် လွှတ်တော်အသီးသီးကို ဖွဲ့စည်းထားရှိကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များ ဦးဆောင်ဦးရွက်ပြု၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာ သုံးရပ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာတို့ကို စနစ်တကျ ကိုင်တွယ်ကျင့်သုံးပြီး နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်း တည်ဆောက်လျက်ရှိကြောင်း ဆောင်းပါးရှင်က ရေးသားထားသည်။

နိုင်ငံသားတိုင်းသည် နိုင်ငံတော်အပေါ်ကို သစ္စာရှိရမည်ဖြစ်ကြောင်း၊ ပြည်သူတွေအပေါ်ကို သစ္စာရှိကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာရှိကြလျှင် ပြည်သူတွေအပေါ်လည်း သစ္စာရှိကြမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာမဲ့လျှင် ပြည်သူတွေအပေါ် သစ္စာမဲ့ရာကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာမဲ့လျှင် နိုင်ငံတော်ကို ပုန်ကန်ဖို့ ဦးတည်လာတတ်ကြကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်၍ နိုင်ငံတော်အပေါ် ပုန်ကန်မှု ကျူးလွန်လာလျှင် နိုင်ငံတော်ကို သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးဖြင့် တရားစွဲဆို အပြစ်ပေး ခံရနိုင်ကြောင်းနှင့် ဤသို့စောကြောမိသဖြင့် နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုကြီးအကြောင်း အနှစ်ချုပ် မျှဝေပါရစေဟု ဆောင်းပါးရှင်က ရေးသားထားသည်။

ထို့ပြင်ဆောင်းပါးရှင်က နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု၏ အဓိပ္ပာယ်၊ ချမှတ်ရမည့်ပြစ်ဒဏ်၊ သမိုင်းကြောင်းဖြစ်စဉ်၊ သီးခြားဥပဒေဖြင့် ပြဋ္ဌာန်း၊ ရာဇသတ်ကြီး ဥပဒထဲတွင် ပြန်လည်ထည့်သွင်းခြင်းစသည့် ခေါင်းစဉ်ကွဲများဖြင့် အကျယ်တဝင့် ရှင်းလင်းသည်။  နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု ဆိုသည်မှာ ပြည်ထောင်စု နိုင်ငံတော် သို့မဟုတ် ပြည်ထောင်စုအဖွဲ့ကို ဖြိုဖျက်ရန်၊ ပြိုကွဲရန် ကြံစည်ခြင်းပြုလျှင်ပင် ပြစ်မှုမြောက်ကြောင်း ထင်ရှားသည်။ မူလဥပဒေ ပြဋ္ဌာန်းခဲ့သည်မှ သမိုင်းကြောင်း တစ်လျှောက်တွင် နိုင်ငံတော်အတွက် လွန်စွာအရေးကြီးသည့် ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူသည် သေဒဏ်ထိုက်သင့်သည်အထိ ကြီးလေးသော ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည် ဖြစ်ကြောင်းလည်း ဆောင်းပါရှင်းက ရေးသားထားသည်။

သို့ဖြစ်၍ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်ရန် စိတ်ဖြင့်ပင် ကြံစည်မှု မပြုသင့်ပါကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေ၍ ဥပဒေကို လေးစားလိုက်နာကြရန် လွန်စွာအရေးကြီးကြောင်းလည်း ဆောင်းပါးတွင် ပါရှိသည်။

အလားတူ ဆောင်းပါးရှင် မောင်စာဂက အစိုးရကို အကြည်ညိုပျက်အောင် ပြုမှုဟူသည် ခေါင်းစဉ်ဖြင့် ဆောင်းပါးကိုလည်း ဇန်နဝါရီ ၂၂ ရက်ထုတ် နိုင်ငံပိုင်ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာတို့တွင် ဖော်ပြခဲ့ပြီး အကြည်ညိုပျက်အောင်ပြုမှု၏ အဓိပ္ပာယ်၊ အကြည်ညိုပျက်အောင်ပြုရာ ရောက်သည့် ဦးတည်ချက်၊ အစိုးရဆိုသော စကားအဓိပ္ပာယ်၊ အသေရေဖျက်မှုနှင့် အကြည်ညိုပျက်အောင် ပြုမှုတို့၏ ခြားနားချက်၊ အကြည်ညိုပျက်အောင် ပြုသည့် ပြစ်မှုကျူးလွန်ရာ မရောက်ခြင်းနှင့် စီရင်ထုံး သာဓကများ စသည့်ခေါင်းစဉ်ခွဲများဖြင့် ရေးသားထားသည်။

သို့ရာတွင် နိုင်ငံတော်ကို ဦးဆောင်ဦးရွက် ပြုလျက်ရှိသည့် အစိုးရအပေါ် ကောင်းကျိုးလိုလားသော ရည်ရွယ်ချက်နှင့် စေတနာမှန်တို့ဖြင့် တရားနည်းလမ်းကျကျ ဝေဖန်ထောက်ပြ အကြံပြုခြင်းသည် အကြည်ညိုပျက်စေခြင်း မဟုတ်သော်လည်း ရည်ရွယ်ချက်နှင့် စေတနာမမှန်ကန်ဘဲ လွန်ကဲမှားယွင်း ပြောဆိုရေးသား ပြုမူလုပ်ဆောင်ခြင်း မဖြစ်စေရန် သတိပြုဆင်ခြင်ကြရပါကြောင်း၊ တစ်ဦးကိုတစ်ဦး၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ မေတ္တာပျက်စေနိုင်သော၊ သစ္စာမဲ့စေနိုင်သော၊ မလိုမုန်းထား ရန်ငြိုးပွားစေနိုင်သော အပြုအမူ၊ အပြောအဆိုများကို သတိပြုဆင်ခြင် ရှောင်ကြဉ်နိုင်ကြပါစေဟု ဆောင်းပါးရှင်က ထောက်ပြထားသည်။