ကောလင်းမြို့နယ်တွင် ရွှေတူးဖော်ရေး ကုမ္ပဏီတစ်ခုမှ ရေဆိုးများ စွန့်ထုတ်နေမှုကြောင့် ချောင်းတစ်လျှောက်ရှိ ငါးကောင်ရေများစွာ သေဆုံး

ကောလင်းမြို့နယ်တွင် ရွှေတူးဖော်ရေး ကုမ္ပဏီတစ်ခုမှ ရေဆိုးများ စွန့်ထုတ်နေမှုကြောင့် ချောင်းတစ်လျှောက်ရှိ ငါးကောင်ရေများစွာ သေဆုံး
Published 20 January 2018

ရေဆိုးစွန့်ပစ်မှုကြောင့် ချောင်းအတွင်း ရေများအရောင်ပြောင်းနေစဉ် (ပုံကြီး)၊ စွန့်ပစ်ရေဆိုးများကြောင့် သေဆုံးခဲ့ရသည့်ငါးများ (ပုံသေး) (ဓာတ်ပုံ-နေမျိုးဝင်း)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ် ကျောက်ပုထိုးကျေးရွာ အနီးတွင် ဇန်နဝါရီ  ၁၇ ရက်နှင့် ဇန်နဝါရီ  ၁၈ ရက်က ရွှေတူးဖော်ရေး ကုမ္ပဏီတစ်ခုမှ ရေဆိုးများ စွန့်ထုတ်မှုကြောင့် ချောင်းတစ်လျှောက်ရှိ ငါးကောင်ရေများစွာ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ရွှေတူးဖော် ကုမ္ပဏီအတွင်းမှ စွန့်ပစ်ရေဆိုးများ စွန့်ထုတ်နေသည့်အတွက် ဒေသခံတောင်သူများသည် ချောင်းအနီးတွင် စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများအတွက် စိုးရိမ်ပူပန်နေကြကြောင်း၊ တောင်သူအချို့ စိုက်ပျိုးထားသည့် သီးနှံခင်းများ ဆေးဖျန်းသည့်နေရာတွင် ယင်းစွန့်ပစ်ရေဆိုးချောင်းကို အမှီပြု၍ ရေယူသုံးစွဲ နေကြကြောင်း သိရသည်။

“ရေတွေက အနီအဆင့်ရေပေါ့နော်။ ရေနေသတ္တဝါတွေ သေကြတယ်။ ငါးမျိုးစုံ သေကြတယ်။ ဒီအချိန်ကတော့ ကုလားပဲ ချိန်လေ။ ကုလားပဲခင်းတွေကို ဆေးဖျန်းတဲ့ အချိန်ဆိုတော့ တောင်သူလယ်သမားတွေက အဲဒီထဲကရေကို ယူပြီးတော့ ဆေးဖျန်းရတယ်။ အခုကျတော့ ကျွန်တော်တို့ တောင်သူ လယ်သမားတွေက အဲဒီရေကို အသုံးမပြုရဲဘဲ ချောင်းထဲကရေကိုယူပြီး ကုလားပဲခင်းတွေကို ဆေးဖျန်းနေရတယ်။ လောလောဆယ်မှာတော့ ယာခင်းတွေ မပျက်စီးဘူး။ တောင်သူတွေက အဲဒီရေကို ကြောက်လန့်နေကြတာ။ ရေဆိုးတွေကို မနေ့က မနက်ကတည်းက လွှတ်နေတာ။ နောက်ပြီးတော့ အဲဒီရေဆိုးတွေကြောင့် မြက်ပင်တွေလည်း သေတယ်” ဟု ဒေသခံတောင်သူ ကိုနေမျိုးဝင်းက ပြောကြားသည်။

ရွှေတူးဖော်ရေး ကုမ္ပဏီအတွင်းမှ စွန့်ပစ်ရေဆိုးများ စွန့်ထုတ်နေကြောင်း ဒေသခံများက ကောလင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းထံ အကြောင်းကြားခဲ့ကြောင်း၊ ၎င်းအနေဖြင့် စွန့်ပစ်ရေဆိုးများစွန့် ထုတ်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံသည့် အခါတွင် ကုမ္ပဏီအတွင်းမှ ရေဆိုးများ ထွက်သွားခြင်းမှာ မှန်ကန်ကြောင်း ဒေါ်ဖြူဖြူဝင်းက The Daily Eleven သတင်းစာ၏ ဆက်သွယ်မေးမြန်းချက်ကို “ကုမ္ပဏီထဲကနေ ရေဆိုးတွေ ထွက်သွားတာကတော့ ဟုတ်တယ်ပေါ့။ မိုးတွေရွာတဲ့အခါမှာ သူတို့ကန်ကြီးက ရေလျှံတဲ့အခါမှာ သူတို့ပုံထားတဲ့ မြေစာတွေပေါ့နော်။ အဲဒီမြေစာတွေပေါ်မှာ ရေတွေဟာ လွန်သွားပြီးတော့ ရေကျတာလို့ပြောတယ်။ ကျွန်မကလည်း ကုမ္ပဏီဘက်က တာဝန်ရှိသူတွေကို ပြောလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေကိုသွားပြီး ပွင့်လင်းမြင်သာမှုရှိအောင် ရှင်းပြပါလို့ ပြောထားတယ်ရှင့်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက ပြောကြားသည်။

ရွှေတူးဖော်ရေး ကုမ္ပဏီအတွင်းမှ စွန့်ပစ်ရေဆိုးများ ကျရောက်နေသည့် ကျေးရွာများမှာ ကျောက်ပုထိုးကျေးရွာ၊ စွယ်ကျေးရွာ၊ ဘန့်မွှေးကုန်းကျေးရွာ၊ ဇငင်းချောင်ကျေးရွာ၊ စိန်ပန်းကုန်းကျေးရွာ၊ မန်ကျည်းကုန်းကျေးရွာ၊ ရှမ်းကုန်းကျေးရွာ၊ ရှောက်ပင်ခြုံကျေးရွာနှင့် ကျောက်ပုထိုး ကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။