အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ တိုင်ကြားစာ ၄၆၀၀ ကျော် ရောက်ရှိသည့်အနက် တိုင်ကြားစာ ၆၅ စောင်ကို စုံစမ်းစစ်ဆေးခဲ့

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ တိုင်ကြားစာ ၄၆၀၀ ကျော် ရောက်ရှိသည့်အနက် တိုင်ကြားစာ ၆၅ စောင်ကို စုံစမ်းစစ်ဆေးခဲ့
Published 19 January 2018

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်သို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ တိုင်ကြားစာ ၄၆၀၀ ကျော် ရောက်ရှိသည့်အနက် တိုင်ကြားစာ ၆၅ စောင်ကို စုံစမ်းစစ် ဆေးခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက် အရ သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ် မတ် ၁၀ ရက်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ကော်မရှင်အဖွဲ့ထံ လိပ်မူပေးပို့သည့်  တိုင်ကြားစာနှင့် မိတ္တူပေးပို့သည့် တိုင်ကြားစာ စုစုပေါင်း ၄၆၇၅ စောင် လက်ခံရရှိခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တွင် လက်ခံရရှိသည့် တိုင်ကြားစာများတွင် အဂတိလိုက်စားကြောင်း ဖော်ပြတိုင်ကြားခြင်း၊ စီမံခန့်ခွဲရေး/ အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်ခြင်း၊ မြေယာကိစ္စ (လယ်ယာမြေစီမံခန့်ခွဲရေးကိစ္စ)၊ မြေသိမ်းဆည်းမှု ကိစ္စ၊ တရားမမှု၊ ပြစ်မှု၊ တရားစီရင်ရေးနှင့် သက်ဆိုင်သည့်ကိစ္စ၊ ဌာနဆိုင်ရာကိစ္စ၊ အလွဲသုံးစား၊ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ၊ ပြန်လည်ရုပ်သိမ်းသော တိုင်ကြားစာအစရှိသည့်အကြောင်း အရာများပါဝင်ကြောင်း သိရသည်။

ကော်မရှင်မှ လက်ခံရရှိသည့် တိုင်ကြားစာများတွင် ဌာနဆိုင်ရာကိစ္စ ၁၃၈၂ စောင်ဖြင့် အများဆုံးဖြစ်ပြီး မြေယာကိစ္စတိုင်ကြားစာ ၇၁၃ စောင်၊ စီမံခန့်ခွဲရေး/ အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်ခြင်းတိုင်ကြားစာ ၉၆၆ စောင်နှင့် တရားစီရင်ရေးနှင့်သက်ဆိုင်သည့် ကိစ္စတိုင်ကြားစာ ၇၁၄ စောင် ပါဝင်ကြောင်း သိရသည်။

အဆိုပါတိုင်ကြားစာများအပေါ် အဂတိလိုက်စားမ ှုတိုက်ဖျက်ရေးကော်မရှင်၏ အရေးယူဆောင်ရွက်မှုမှာ စုံစမ်းစစ်ဆေးခြင်းဆောင်ရွက်သည့် တိုင်ကြားစာ ၆၅ စောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့သည့် တိုင်စာ ၁၁၈၄ စောင်၊ မှတ်တမ်းတွဲခြင်း ဆောင်ရွက်သည့်တိုင်စာ ၃၄၀၉ စောင်နှင့် စိစစ်ဆဲ ၁၇ စောင်ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၆၅ စောင်တွင် အရေးယူဆောင်ရွက်နိုင်ခဲ့သည့် တိုင်ကြားစာ ၄၉ စောင်ရှိပြီး ဥပဒေနှင့် ငြိစွန်းသည့် အထောက်အထား စစ်ဆေးပေါ်ပေါက်ခြင်းမရှိသည့် တိုင်ကြားစာခြောက်စောင်၊ အရေးယူဆောင်ရွက်ပြီး ကိစ္စဖြစ်၍ ထပ်မံအရေးယူဆောင်ရွက်ခြင်းမရှိသည့် တိုင်ကြားစာ နှစ်စောင်နှင့် စစ်ဆေးဆောင်ရွက်ဆဲ တိုင်ကြားစာ ရှစ်စောင်ပါဝင်ကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ခဲ့သည့် တိုင်ကြားစာ ၄၉ စောင် (အမှုတွဲ ၄၉ ခု) တွင် တရားစွဲဆိုခံရသူ ၅၂ ဦးရှိပြီး   အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၀ (ခ) ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူခံရသူ ၈၅ ဦးရှိကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်ကြားမှုအရေအတွက်မှာ နေပြည်တော်မှ ၁၇၄ စောင်၊ ကချင်ပြည်နယ်မှ ၅၀၊ ကယားပြည်နယ်မှ ရှစ်စောင်၊ ကရင်ပြည်နယ်မှ ၅၉ စောင်၊ ချင်းပြည်နယ်မှ ၂၇ စောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၄၇၂ စောင်၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၃၃ စောင်၊ ပဲခူးတိုင်းဒေသကြီး မှ ၄၉၂ စောင်၊ မကွေးတိုင်းဒေသကြီးမှ ၁၇၄ စောင်၊ မန္တလေးတိုင်းဒေသကြီးမှ ၈၅၉ စောင်၊ မွန်ပြည်နယ်မှ ၂၃၂ စောင်၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၂၀၃ စောင်၊ ရခိုင်ပြည်နယ်မှ ၆၈ စောင်၊ ရှမ်းပြည်နယ်မှ ၃၀၉ စောင်၊ ဧရာဝတီတိုင်းဒေသကြီးမှ ၅၁၅ စောင်ဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ တိုင်ကြားရာတွင် နစ်နာသူအနေဖြင့် တိုင်ကြားမှုထိရောက်စေရန် တိုင်ကြားစာ၌ မဖြစ်မနေ ပါဝင်ရမည့် အချက်များမှာ တိုင်ကြားသည့် အဂတိလိုက်စားမှုသည် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်၏နောက်ပိုင်းဖြစ်သော  အဂတိလိုက်စားမှုဖြစ်ရန်၊ လိုအပ်သည့် စုံစမ်း စစ်ဆေးမှုပြုလုပ်ရာတွင် အထောက်အကူဖြစ်စေရန် အဂတိလိုက်စားကြောင်း ပြင်ပတွင် ကြားသိနေရသည့် အပြင်သိ၊ ပတ်ဝန်းကျင်အများပြောကြားနေသည့် သတင်းကြားတို့ဖြင့် တိုင်ကြားခြင်းမပြုဘဲ အရေးကြီးသည့် သက်သေခံချက်ပါရန်၊ စုံစမ်းစစ်ဆေးရမည့် ကိစ္စပါဝင်ပါက အမှန်တကယ်နစ်နာသူ ဟုတ်၊ မဟုတ် သိရှိနိုင်ရန်နှင့် လိုအပ်ပါက ဆက်သွယ်မေးမြန်းခေါ်ယူနိုင်ရန် အခြားသူအမည်အား အလွဲသုံးစားပြုလုပ်တိုင်ကြားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် တိုင်ကြားသူ၏ လက်မှတ်၊ အမည်၊ မှတ်ပုံတင်အမှတ်နှင့် မိတ္တူမဖြစ်မနေ ပါဝင်ရန်နှင့် တိုင်ကြားစာကို ကော်မရှင်သို့ တိုင်ကြားရာတွင် မိတ္တူသာပေးပို့ပါက ကော်မရှင်အနေဖြင့် အရေးယူဆောင်ရွက် နိုင်မည်မဟုတ်သဖြင့် ကော်မရှင်သို့ တိုက်ရိုက် လိပ်မူတိုင်ကြားရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။