NLD ပါတီမှ ဦးဝင်းထိန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးတို့ကို သရော်စာသဘောသွယ်ဝိုက်ရေးသားမှု ပြည်သူများအထင်အမြင်လွဲမှားစေကာ လူထုယုံကြည်မှု လျော့ကျစေနိုင်သဖြင့် မြန်မာသံတော်ဆင့်နှင့် ဆောင်းပါးရှင်က ပြန်လည်တောင်းပန်ရေး ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်က သတင်းမီဒီယာကောင်စီသို့ တိုင်ကြား

NLD ပါတီမှ ဦးဝင်းထိန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးတို့ကို သရော်စာသဘောသွယ်ဝိုက်ရေးသားမှု ပြည်သူများအထင်အမြင်လွဲမှားစေကာ လူထုယုံကြည်မှု လျော့ကျစေနိုင်သဖြင့် မြန်မာသံတော်ဆင့်နှင့် ဆောင်းပါးရှင်က ပြန်လည်တောင်းပန်ရေး ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်က သတင်းမီဒီယာကောင်စီသို့ တိုင်ကြား
Published 18 January 2018

လက်ရှိအာဏာရ NLD ပါတီမှ ဦးဝင်းထိန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးတို့ကို မြန်မာသံတော်ဆင့်ဂျာနယ်က သရော်စာသဘော သွယ်ဝိုက်ရေးသားသည့် ဆောင်းပါးနှစ်ပုဒ်သည် ပြည်သူများ အထင်အမြင်လွဲမှားစေကာ လူထုယုံကြည်မှု လျော့ကျစေနိုင်သဖြင့် မြန်မာသံတော်ဆင့်နှင့် ဆောင်းပါးရှင်လင်းယုန်တို့ ပြန်လည်တောင်းပန်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က သတင်းမီဒီယာကောင်စီသို့ တိုင်ကြားစာပေးပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌသို့ လိပ်မူကာ ဇန်နဝါရီ ၁၀ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သည့် မြန်မာသံတော်ဆင့်ဂျာနယ်နှင့် ဆောင်းပါးရှင်လင်းယုန်သို့ ကန့်ကွက်ကြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာတွင် “မြန်မာသံတော်ဆင့်ဂျာနယ်၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ထုတ် အတွဲ (၆) အမှတ် (၄၀) ပါ ‘ဘဏ်စာရင်းထဲက ဦးဆောင်မှုကဏ္ဍ’ ဆောင်းပါးနှင့် ဒီဇင်ဘာ ၃၀ ရက်ထုတ် အတွဲ (၆) အမှတ် (၄၁) ပါ ‘ဗိုလ်ချုပ်ရုပ်တုစိုက်ထူရေး... ဒို့အရေး ဒို့အရေး’ ဆောင်းပါးနှစ်ပုဒ်အား ဆောင်းပါးရှင်လင်းယုန်က ရေးသားခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အကြီးအကဲများနှင့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် လူထုအယုံအကြည်လျော့နည်းပြီး အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် သတင်းအချက်အလက်များဖြင့် ရေးသားဖော်ပြခဲ့ပါသည်။ သို့ပါ၍ ဆောင်းပါးများရေးသားသူ လင်းယုန်နှင့် ပုံနှိပ်ဖော်ပြခဲ့သော မြန်မာသံတော်ဆင့်ဂျာနယ်အပေါ် အပြင်းအထန် ရှုတ်ချကန့်ကွက်ကြောင်း အသိပေးအပ်ပါသည်” ဟု ဖော်ပြထားသည်။

ထို့ပြင် “ပြည်သူ့ပါတီနှင့် ပြည်သူ့ကိုယ်စားလှယ်များအပေါ် သရော်စာသဘောဖြင့် ရေးသားသည်ဟုဆိုသော်ငြား မမှန်သတင်းများရေးသားပြီး ပြည်သူလူထုကြား နားလည်မှုလွဲမှားအောင် တမင်သက်သက်ဖန်တီးခြင်းဖြစ်ကြောင်း သုံးသပ်ပါသည်။ ဆောင်းပါးနှစ်ပုဒ် ရေးသားမှုများသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင်နေထိုင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အကြီးအကဲတစ်ဦးဖြစ်သူ ဦးဝင်းထိန်နှင့် အင်းစိန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးတို့အား အမည်တိုက်ရိုက်မရေးသားထားသော်လည်း သွယ်ဝိုက်သောနည်းဖြင့် သိသာစေရန် ရေးသားထားခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ ကိုယ်ကျင့်တရားကို များစွာထိခိုက်နစ်နာရာရောက်ပါသည်။ ထို့ကြောင့် အဆိုပါဆောင်းပါးရေးသားသူ (သို့မဟုတ်) ဆောင်းပါးများ ပုံနှိပ်ဖော်ပြခဲ့သော ဂျာနယ်တိုက်အား လိုအပ်သောသတိပေးမှုများ ဆောင်ရွက်ပေးနိုင်ပါရန်နှင့် တိကျခိုင်လုံသော အကြောင်းအရာမဟုတ်ပါဘဲ၊ မဟုတ်မမှန်သတင်းများဖြင့် ရေးသားခဲ့ခြင်းများသည် သတင်းမီဒီယာ၊ စာပေကျင့်ဝတ်ကို ချိုးဖောက်ရာရောက်ကြောင်းနှင့် အဆိုပါကိစ္စကို အများပြည်သူအထင်အမြင် မလွဲမှားစေရန် ပြည်လည်တောင်းပန်ခြင်း ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် လိုအပ်သလို ကူညီဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ အကူအညီတောင်းခံတင်ပြအပ်ပါသည်” ဟု ဦးဝေဖြိုးဟန်၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါတိုင်ကြားစာပေးပို့မှုအပေါ် ဦးဝေဖြိုးဟန်က “မြန်မာသံတော်ဆင့်ဂျာနယ်နဲ့ ဆောင်းပါးရှင် လင်းယုန်ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ လိပ်မူကန့်ကွက်ထားခြင်း မှန်ပါတယ်။ တရားစွဲဆိုသွားရန် အစီအစဉ်မရှိသေးပါ။ အများပြည်သူ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသားခဲ့မှုများအတွက် ပြန်လည်ဖြေရှင်း တောင်းပန်ရန်သာ တင်ပြထားပါတယ်” ဟုဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က မြန်မာသံတော်ဆင့်ဂျာနယ်သို့ တိုင်ကြားခဲ့သည့် တိုင်ကြားစာကို သံတော်ဆင့်ဂျာနယ်အနေဖြင့် လူမှုကွန်ရက်မှသာ သိရှိထားရပြီး ဦးဝေဖြိုးဟန်မှ တရားဝင်စာပေးပို့ခြင်းမရှိသကဲ့သို့ သတင်းမီဒီယာကောင်စီမှလည်း ဇန်နဝါရီ ၁၇ ရက်အထိ အကြောင်းကြားမှုမရှိသေးကြောင်းနှင့် အဆိုပါတိုင်ကြားစာအပေါ် လတ်တလောတွင် တုံ့ပြန်ရန်မရှိသေးကြောင်း မြန်မာသံတော်ဆင့်ဂျာနယ် ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးနှင့်ဆက်ဆံရေးအရာရှိ တာမွေအောင်ကိုက ပြောကြားသည်။

“ကျွန်တော်တို့ဆီကိုလည်း ဒီစာတရား ဝင်ရောက်တာလည်းမရှိသေးဘူး။ စာနယ်ဇင်းကောင်စီကနေလည်း ဘာမှအကြောင်းကြားတာ မရှိသေးဘူး။ စာနယ်ဇင်းကောင်စီက ကျွန်တော်တို့ကိုခေါ်ရင်တော့ သွားရမှာပေါ့လေ။ အခုလောလောဆယ်တော့ ဘာမှတုံ့ပြန်စရာမရှိသေးပါဘူး။ သူတို့လည်း သူတို့ရဲ့လုပ်ပိုင်ခွင့် ပြောပိုင်ခွင့်ရှိတယ်လေ။ ပြည်သူတစ်ယောက်အနေနဲ့လည်း ပြောပိုင်ခွင့်ရှိတယ်။ ဆိုပိုင်ခွင့်ရှိတယ်။ ကျွန်တော်တို့မီဒီယာအနေနဲ့လည်း ပြောပိုင်ခွင့်ရှိတယ်။ ဒီဆောင်းပါးနဲ့ပတ်သက်လို့ သိတဲ့အခါမှာ ကျွန်တော်တို့အမြင်ကတစ်မျိုး၊ သူတို့အမြင်ကတစ်မျိုး မြင်နေတဲ့သဘောပဲလို့ ကျွန်တော်တို့က မြင်ပါတယ်။ စာရေးဆရာလင်းယုန် ရေးတာဟာ အမှန်တော့သရော်စာပါ။ အဲဒီလို သရော်စာဖြစ်တဲ့အတွက် စာနယ်ဇင်းကောင်စီက မခေါ်တာဖြစ်ပါလိမ့်မယ်” ဟု တာမွေအောင်ကိုက ပြောကြားသည်။

Most Read

Most Recent