မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသတင်းကြောင့် အမေရိကန်သံရုံးအနေဖြင့် ဝမ်းနည်းမိကြောင်း ထုတ်ပြန်

မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသတင်းကြောင့် အမေရိကန်သံရုံးအနေဖြင့် ဝမ်းနည်းမိကြောင်း ထုတ်ပြန်
Published 17 January 2018

ဇန်နဝါရီ ၁၆ ရက် ညပိုင်းက မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသတင်းကြောင့် အမေရိကန်သံရုံးအနေဖြင့် ဝမ်းနည်းမိကြောင်း ယနေ့ (ဇန်နဝါရီ ၁၇ ရက်)တွင် အမေရိကန်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက် အပြည့်အစုံမှာ ယမန်နေ့ (ဇန်နဝါရီ ၁၆ ရက်) ညက မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသတင်းကြောင့် အမေရိကန်သံရုံးက ဝမ်းနည်းမိကြောင်း ပြောကြားလိုပြီး ယင်းဖြစ်ရပ်တွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါကြောင်း၊ ထိုအကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ခံစားခဲ့ရသည်အတွက် များစွာစိုးရိမ်မိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းနောက် တရားဥပဒေစိုးမိုးမှုကို လေးစားသည်နှင့်အညီ ပြည်သူများ ငြိမ်းချမ်းစွာစုဝေးခွင့်သည် မည်သည့်ဒီမိုကရေစီစနစ်၌မဆို အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါသည်။ ဤကြေကွဲဖွယ်ရာ ဖြစ်ရပ်များအကြောင်းနှင့် ယင်းတို့ မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို ပိုမိုကောင်းမွန်စွာ နားလည်ပြီး နောင်တွင် ဆင်ခြင်တုံတရားနှင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခြင်းအားဖြင့် နောက်ထပ်အကြမ်းဖက်မှုဖြစ်ရပ်များကို ကာကွယ်တားဆီးနိုင်မည်ဟု မိမိတို့မျှော်လင့်ပါသည် ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ထားတွင်ပါရှိသည်။