နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်တွင် ကက်ဘိနက်အဖွဲ့ဝင်များ ပါဝင်တက်ရောက် စေသည့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်ဆိုသော သတင်းမမှန်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ရှင်းလင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်တွင် ကက်ဘိနက်အဖွဲ့ဝင်များ ပါဝင်တက်ရောက် စေသည့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်ဆိုသော သတင်းမမှန်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ရှင်းလင်း
Published 16 January 2018

နေပြည်တော်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်တွင် ကက်ဘိနက်အဖွဲ့ဝင်များ ပါဝင်တက်ရောက်စေသည့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်ဆိုသော သတင်းမမှန်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းတွင် ၎င်း၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာမှတစ်ဆင့် ပြန်လည်ရှင်းလင်းသည်။

BBC သတင်းဌာနက ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ‘ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ပြည်ထောင်စုဝန်ကြီးများ ခေါ်တွေ့’ ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ဖော်ပြခဲ့ပြီးနောက် ထိုသို့ ဦးဇော်ဌေးက ပြန်လည် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ‘‘ဇန်နဝါရီ ၁၄ ရက် (တနင်္ဂနွေနေ့) ည ၇ နာရီ မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နေအိမ်မှာ ကက်ဘိနက်အဖွဲ့ဝင်တွေ ပါဝင်တက်ရောက်စေတဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းမဟုတ်၊ မမှန်ပါကြောင်း’’ ဟု ရေးသားထားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ ရှင်းလင်းချက် ထွက်ပေါ်ပြီးနောက် ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီတွင် BBC သတင်းဌာနက ‘‘ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ဝန် ကြီးများနှင့် တွေ့ဆုံသည်ဆိုသော သတင်း မမှန်’’ ဟုခေါင်းစဉ်ဖြင့် နံနက်ပိုင်းတွင် ဖော် ပြခဲ့သည့်သတင်းအပေါ် ပြန်လည်ရှင်းလင်းခဲ့သည်။

BBC သတင်းဌာန၏ရှင်းလင်းချက်တွင် ‘‘နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ၏နေပြည်တော်က နေအိမ်တွင် ဇန်နဝါရီလ ၁၄ ရက် တနင်္ဂနွေည ၇ နာရီဝန်းကျင်မှာ ပြည်ထောင်စုအဆင့် ဝန်ကြီးအားလုံးကို ခေါ်ယူတွေ့ဆုံခဲ့သည်ဟု ဘီဘီစီက ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ခင်း အသံလွှင့်အစီအစဉ်မှာ ထုတ်လွှင့်ခဲ့ပါသည်။ သို့ပါသော်လည်း ယင်းတွေ့ဆုံမှုမျိုး မရှိခဲ့ပါ ဟု သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်သွယ် အကြောင်းကြားလာပါသဖြင့် ထပ်မံ စိစစ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်သည် မပြီးပြတ်သေးသည့် လုပ်ငန်းကိစ္စများကို ဝန်ကြီးအချို့နှင့် စနေ၊ တနင်္ဂနွေနေ့များတွင် ဆွေးနွေးတတ်သော်လည်း ဇန်နဝါရီလ ၁၄ ရက်နေ့ညက ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုမျိုး မရှိခဲ့ဟု သိရှိရပါသည်။ ထို့ကြောင့် ဘီဘီစီမှ မှားယွင်းဖော်ပြခဲ့မှုဖြစ်ကြောင်း ပြင်ဆင် ဖော်ပြအပ်ပါသည်’’ဟု ရေးသားထားသည်။

မူလက BBC သတင်းဌာန၏ နံနက်ပိုင်း ဖော်ပြချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်နေအိမ်တွင် တနင်္ဂနွေ ည ၇ နာရီ ဝန်းကျင်၌ ပြည်ထောင်စုအဆင့်ဝန်ကြီး အားလုံးကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း နေပြည်တော် BBC သတင်းထောက်က ပြောကြားသည်ဟု ရေးသားထားသည်။

ထို့ပြင် အဆိုပါသတင်း၌ အစိုးရ သက်တမ်း နှစ်နှစ်တာကာလအတွင်း ယခုလို ကက်ဘိနက်အစည်းအဝေး အရေးပေါ်ခေါ်ယူသည့်ပုံစံပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ်ဟုဆိုကြောင်းလည်း ဖော်ပြခဲ့သည်။

‘‘ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော် စတင်ဖို့ရှိနေသလို အခုလို ပြည်ထောင်စုဝန်ကြီးတွေကို ခေါ်ယူတွေ့ဆုံတာဟာ မကြာခင် အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ဖို့ ခေါ်ပြောတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်’’ ဟု BBC သတင်းဌာနက ဖော်ပြထားသည်။

ယခင်က ပြည်ထောင်စုဝန်ကြီးအားလုံးကို နေအိမ်တွင် ယခုကဲ့သို့ ခေါ်ယူတွေ့ဆုံခြင်း မရှိခဲ့ဘူးဟုဆိုကြောင်းလည်း BBC သတင်းဌာန၏ သတင်းတွင်ပါရှိခဲ့သည်။

လက်ရှိ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် မန်းဂျော်နီနှင့် ဝန်ကြီးတစ်ဦး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးနှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးနှစ်ဦး စုစုပေါင်းခြောက်ဦးသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်က အမိန့်စာများ ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် နေရာအပြောင်းအလဲများ ပြုလုပ်သကဲ့သို့ ပြည်ထောင်စုအဆင့်တွင် ဝန်ကြီးနေရာများ အပြောင်းအလဲပြုလုပ်ရန်ရှိကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နေအိမ်တွင် ပြည်ထောင်စုဝန်ကြီးများအား ခေါ်ယူတွေ့ဆုံသည့်သတင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

ထို့ပြင် NLD ပါတီဦးဆောင်သော အစိုးရလက်ထက် အစိုးရဖွဲ့စည်းရာတွင် အဓိက အခန်းကဏ္ဍတွင်ပါဝင်ခဲ့သူဟု သတင်းထွက်ပေါ်ခဲ့သော NLD ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်သည် ယခုကဲ့သို့ အစိုးရအဖွဲ့ရာထူး အပြောင်းအလဲများပြုလုပ်ချိန်၌ မိသားစုဝင်များရှိရာ ပြည်ပသို့သွားရောက်သည့်ကိစ္စ အပေါ်တွင်လည်း ကောလာဟလသတင်းများ ထွက်ပေါ်လျက်ရှိသည်။

Most Recent