မြဝတီမြို့တွင် နေအိမ်၌ တစ်ဦးတည်း နေထိုင်သူတစ်ဦး ဓားထိုးခံရပြီး သေဆုံးလျက်တွေ့ရှိ

မြဝတီမြို့တွင် နေအိမ်၌ တစ်ဦးတည်း နေထိုင်သူတစ်ဦး ဓားထိုးခံရပြီး သေဆုံးလျက်တွေ့ရှိ
Published 14 January 2018

မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ၊ အောင်ဒီပါလမ်းတွင် တစ်ဦးတည်နေသူ တစ်ဦးဓားထိုးခံရပြီး သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ဇန်နာရီ ၁၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး လူသတ်တရားခံမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ အောင်ဒီပါလမ်းရှိ နေအိမ်ခြံဝင်းတစ်ခုတွင် ဇန်နဝါရီ ၁၂ ရက် ညနေ ၄ နာရီခန့်က အမျိုးသားတစ်ဦးသွေးအိုင်ထဲ၌လဲပြီး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် မြဝတီမြို့မ ရဲစခန်းမှူး ဒုရဲမှူးမင်းကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများဖြစ်သော အမှတ် ၄ ရပ်ကွက်မှ ရာအိမ်မှူး ဦးဌေးဝင်း၊ ဦးသန်းထိုက်တို့သည် အခင်းဖြစ်ရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့မရဲစခန်းမှူးနှင့်အဖွဲ့က စစ်ဆေးရာ သေဆုံးသူမှာ အမှတ် ၄ ရပ်ကွက်၊ အောင်ဒီပါလမ်းတွင် တစ်ဦးတည်းနေထိုင်သော နေစိုး (၄၀)နှစ်ဖြစ်ပြီး ၎င်း၏ နေအိမ်ခြံဝင်းအတွင်း ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း တွေ့ရှိပြီး အလောင်းအား စစ်ဆေးရာ ယာဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲဘက်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာသုံးချက်ဖြင့် သေဆုံးနေကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အခင်းဖြစ်နေရာ ပတ်ဝန်းကျင်အားစစ်ဆေးရာ သေဆုံးသူနှင့် တစ်ပေခန့်အကွာ လက်ယာဘက်တွင် အရိုးအသွားတစ်ပေခန့်ရှိ အနက်ရောင် ကော်ရိုးတပ်သွေးစွန်းနေသည့် ဓားဦးချွန်တစ်ချောင်း၊ ဝဲဘက်ခြမ်းတွင် သွေးစွန်းနေသည့်အရှည် ငါးလက်မခန့်ရှိ အရိုးမပါ စတီးဓားဦးချွန်တစ်ချောင်း၊ နေအိမ်အတွင်း သွေးစွန်းနေသော သစ်သားပက်လက် ကုလားထိုင်တစ်လုံးနှင့် အိမ်အတွင်းနှင့် မီးဖိုချောင်ဘက်၌ သွေးစက်လမ်းကြောင်းများအား စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့ ၏စစ်ဆေးချက်အရ သေဆုံးသူအလောင်းမှာ လွန်ခဲ့သည့် ရှစ်နာရီခန့်က သေဆုံးကြောင်း ခန့်မှန်းသိရှိရပြီး သေဆုံးသူအား ရဲဆေးစာဖြင့် မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။