၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီပထမပတ်အထိ ပြည်ပသို့ CMP အထည်ချုပ်လုပ်ငန်းများမှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၁ ဒသမ ၈၆၉ ဘီလျံရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၅၆၈ သန်းအထိ ပိုမိုတင်ပို့ထား

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီပထမပတ်အထိ ပြည်ပသို့ CMP အထည်ချုပ်လုပ်ငန်းများမှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၁ ဒသမ ၈၆၉ ဘီလျံရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၅၆၈ သန်းအထိ ပိုမိုတင်ပို့ထား
Published 14 January 2018

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီ ပထမပတ်အထိ ပြည်ပသို့ CMP အထည်ချုပ်လုပ်ငန်းများမှ ပို့ကုန်တင်ပို့မှု တန်ဖိုး ဒေါ်လာ ၁ ဒသမ ၈၆၉ ဘီလျံရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၅၆၈သန်း အထိ ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှရရှိသော စာရင်းများအရ သိရသည်။

“ဒီဘဏ္ဍာနှစ်မှာ လက်ရှိအချိန်အထိ ပြည်ပကို CMP ချုပ်ပြီးအထည်တင်ပို့မှုကနေ ဒေါ်လာ ၁ ဒသမ ၈၆၉ ဘီလျံရရှိထားပါတယ်။ မနှစ်က ကာလတူထက် ဒေါ်လာ ၅၆၈ သန်း ပိုမိုရရှိထားပါတယ်။ မနှစ်က ကာလတူတုန်းက ဒေါ်လာ ၁ ဒသမ၃ ဘီလျံရရှိခဲ့တာ ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ တိုးမြှင့်ရေးလုပ်ငန်များကို ဆောင်ရွက်ရာတွင် အထည်အလိပ်လုပ်ငန်း (အထည်ချုပ်) ကဏ္ဍကို အဓိက ဦးစားပေးအနေဖြင့် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း ကဏ္ဍအနေနဲ့ ဝင်ငွေအများဆုံးကဏ္ဍတစ်ရပ်အဖြစ် ကမ္ဘာ့ဈေးကွက်ကို ကောင်းမွန်တဲ့ အရည်အသွေးတန်ဖိုးမြင့် ထုတ်ကုန်များ အနေနဲ့ ထိုးဖောက်ဝင်ရောက်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေနဲ့ ၁၀ နှစ်နည်းဗျူဟာကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းချမှတ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများတွင်တစ် ခုအပါအဝင်ဖြစ်သော မြန်မာနိုင်ငံ၌မူ အဆိုပါ CMP စနစ်ကို ၁၉၉၃ ခုနှစ်ကတည်းက အထည်ချုပ်လုပ်ငန်းများဖြင့်စတင်ကာ ယနေ့အထိ ဆောင်ရွက်ခဲ့ရာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း FOB စနစ်သို့  ပြောင်းလဲလုပ်ကိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ စက်ရုံပေါင်း ၄၀၀ ကျော်အထိ တိုးတက်လာပြီး ၂၀၁၆ ခုနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ လုပ်သားအင်အား သုံးသိန်းငါးသောင်းကို ခန့်အပ်ထားပေးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံကို ကုန်ကြမ်းပိတ်စတင်သွင်းကာ CMP စနစ်ဖြင့်  အထည်ချုပ် (ချုပ်ပြီးအထည်) မှာယူတင်သွင်းနေသည့် နိုင်ငံများတွင် ဂျပန်၊ ကိုရီးယားနှင့် အီးယူနိုင်ငံများဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာ့အထည်အလိပ်ကဏ္ဍမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာနေကြောင်းနှင့် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အဝတ်အထည်များကို ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများမှ သုံးစွဲမှုမြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်တွင် အထည်ချုပ်တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၃၃၇ သန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏  စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့ကြောင်း၊ ပို့ကုန်ဈေးကွက်တွင်လည်း အီးယူဈေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

Most Read

Most Recent