(၁၀) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကြီးကို ရွာကြီးမြောက်ရပ်ကွက်မှ ဦးစီးကျင်းပမည်

(၁၀) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကြီးကို ရွာကြီးမြောက်ရပ်ကွက်မှ ဦးစီးကျင်းပမည်
Published 13 January 2018

ယမန်နှစ်က ကျင်းပခဲ့သော ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကြီးကို တွေ့ရစဉ်

(၁၀) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကြီးကို ရွာကြီးမြောက်ရပ်ကွက်မှ ဦးစီးပြီး ဇန်နဝါရီ ၂၇ ရက် မှ ၃၁ ရက်အထိ ငါးရက်တိုင်တိုင် ဝင်္ကပါကွင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲကို နှစ်စဉ်တပို့တွဲလတွင် ကျင်းပလေ့ရှိပြီး တစ်နှစ်တွင် တစ်ကြိမ်သာ ကျင်းပလေ့ရှိသော ရိုးရာပွဲတော်တစ်ခု ဖြစ်ကြောင်းနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ စားနပ်ရိက္ခာ ပြည့်ဝစေရေးတို့အတွက် ကျင်းပသော ပွဲဖြစ်ကြောင်း သိရသည်။

ကျေးရွာ သို့မဟုတ် ရပ်ကွက်တစ်ခုချင်းစီက ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိပြီး ရထားပန်းယိုင်အား အလယ်တွင်ထားကာ တစ်ဖက်လျှင် ကြိုးနှစ်ချောင်းစီဖြင့် အပြိုင်အဆိုင် အနိုင်ဆွဲရသောပွဲ ဖြစ်ကြောင်းလည်း သိရှိရပြီး ရခိုင်တိုင်းရင်းသားများ၏ သီးခြားမူပိုင်ရိုးရာပွဲ တစ်ခုဖြစ်ကြောင်း သိရသည်။

“ဒီနှစ်မှာလည်း ပုံမှန်ကျင်းပနေကျလို ကျင်းပမှာ ဖြစ်ပေမယ့် ဦးဆောင်ကျင်းပတဲ့ ရပ်ကွက်က မတူဘူး။ ဒီနှစ်မှာ ရွာကြီးမြောက်ရပ်ကွက်က ဦးစီးပြီးကျင်းပမှာ ဖြစ်တယ်။ သုံးကြိမ်ဦးစီး ကျင်းပပြီးရင် နောက်တစ်ရပ်ကွက်ကို အပ်ရတယ်။ စစ်တွေမှာက ရပ်ကွက်ပေါင်း ၃၀ ကျော်ရှိတဲ့အတွက် အနည်းဆုံး ရပ်ကွက် ၃၀ လောက် ပါဝင်ယှဉ်ပြိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးဆောင်ကျင်းပရေးနှင့် ဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးက ဆိုသည်။

ထို့ပြင် ရထားဆွဲပွဲကို လွန်စွာချမ်းအေးလှသော ရာသီ၌သာ ကျင်းပလေ့ရှိပြီး စည်းလုံးညီညွတ်မှု အင်အားကိုလည်း ပြသရာ ရောက်ကြောင်းနှင့် အစဉ်အလာမပျက် ကျင်းပခြင်းဖြစ်ကာ ယခုနှစ်ပိုင်းများတွင် ရထားဆွဲ ပွဲတော်ကို အခြားသော မြို့များတွင်လည်း ဆင်ယင်ကျင်းပမှုများ ပြုလုပ်လာခဲ့ကြပြီး နှစ်ပေါင်း ၄၀ ကျော် ပျောက်ကွယ်နေခဲ့ရာမှ လွန်ခဲ့သော ၁၀ နှစ်ခန့်ကသာ ပြန်လည်ကျင်းပ လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရထားဆွဲမည့် ရပ်ကွက်သားများ အနေဖြင့် အလှည့်ကျသောညတွင် တရားပွဲများအပြင် မီးတုတ်များကိုလည်း ကိုင်ဆောင်လာရပြီး ရထားဆွဲပွဲ နောက်ဆုံးနေ့ည သန်းခေါင်မတိုင်မီ ရထားပန်းယိုင် တစ်ခုလုံးအား မီးရှို့ရကြောင်း သိရသည်။

Most Read

Most Recent