မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို မူဆယ်ကုန်သွယ်ရေးစခန်းမှ အဓိကတင်ပို့နေခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံဘက်ကမူ တရားဝင်တင်သွင်းမှုအဖြစ် အသိအမှတ်ပြုထားခြင်း မရှိဟုဆို

မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို မူဆယ်ကုန်သွယ်ရေးစခန်းမှ အဓိကတင်ပို့နေခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံဘက်ကမူ တရားဝင်တင်သွင်းမှုအဖြစ် အသိအမှတ်ပြုထားခြင်း မရှိဟုဆို
Published 13 January 2018

မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံး တင်ပို့နေသော်လည်း တရုတ်နိုင်ငံဘက်ကမူ တရားဝင် တင်ပို့ခြင်းအဖြစ် အသိအမှတ်ပြုထားခြင်းမရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

“မူဆယ်တို့ ဘာတို့က အဲဒါကတော့ တရားမဝင်ဘူးလို့ ပြောလို့ရတာပေါ့နော်။ AQSIQ list နဲ့ မဝင်ဘူးလို့ ပြောလို့ရတာပေါ့။ သူကအဲဒီ List မှာက Only in Shweli ဆိုပြီးတော့ ရေးထားတာကိုး။ နဂိုတုန်းကလည်း  ဒီလိုတော့လည်း ရှိတယ်လေ။ လွယ်ဂျယ်တို့ မူဆယ်တို့က အခုမှစပြီး ထွက်ကြတာကို AQSIQ list ထဲမှာ ပါအောင်လုပ်တုန်းက အဲဒီကာလတုန်းကြတော့ ဒါတွေအားလုံးက ရွှေလီတစ်ပေါက်ထဲကပဲ ထွက်နေတာကို။ အဲဒါကြောင့် အဲဒီလို ထည့်ခဲ့တယ်လို့ ထင်တာပဲ”  ဟု မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးကျော်သူက ပြောကြားသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ ၂၅ မျိုးကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ဝန်း ကျင်အထိ ဝင်ငွေရရှိနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသော သီးနှံများအနက် သီးနှံရှစ်မျိုးကိုသာ တရားဝင်တင်သွင်းခွင့် တရုတ်နိုင်ငံက ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

အဆိုပါတရားဝင်တင်သွင်းခွင့် မရရှိသေးသည့် အခြားသီးနှံများကိုလည်း တရားဝင်တင်သွင်းခွင့်ရရှိအောင် ဆောင်ရွက်မည်ဖြစ်ပြီး အဓိကအားဖြင့် နှစ်နိုင်ငံအစိုးရ အချင်းချင်း သဘောတူညီမှုရရှိအောင် ညှိနှိုင်းဆောင်ရွက်မှသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။