လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီပထမပတ်အထိ ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၆ သန်းကျော်တင်ပို့ထားပြီး ယခုနှစ်အတွင်း စံချိန်တင် ဆန်တင်ပို့နိုင်သည့်အတွက် ယခင်နှစ်ကာလတူထက် ဝင်ငွေ ဒေါ်လာ သန်း ၄၈၀ ကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီပထမပတ်အထိ ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၆ သန်းကျော်တင်ပို့ထားပြီး ယခုနှစ်အတွင်း စံချိန်တင် ဆန်တင်ပို့နိုင်သည့်အတွက် ယခင်နှစ်ကာလတူထက် ဝင်ငွေ ဒေါ်လာ သန်း ၄၈၀ ကျော် ပိုမိုရရှိ
Published 13 January 2018

ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီပထမပတ်အထိ ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၆ သန်း ကျော်အထိ တင်ပို့ထားပြီး ယခုနှစ်အတွင်း ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့နိုင်ခဲ့သည့် အတွက် ယခင်နှစ်ကာလတူထက် ဝင်ငွေ ဒေါ်လာ သန်း ၄၈၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“လက်ရှိ ဘဏ္ဍာနှစ် ဇန်နဝါရီ ၅ ရက်အထိ ပြည်ပကို ဆန်တန်ချိန် ၂ ဒသမ ၆ သန်း ကျော် တင်ပို့ထားပါတယ်။ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် ပိုမို တင်ပို့ထားတာဖြစ်ပြီး တန်ဖိုးအနေနဲ့ ဒေါ်လာ သန်း ၄၈၀ ပိုမို ရရှိထားပါတယ်” ဟု စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းမှုကြောင့် ဆန်တန်ချိန် နှစ်သန်းကျော် တင်ပို့ နိုင်ခဲ့ပြီဆိုတဲ့အတွက် နှစ် ၅၀ အတွင်း ပထမဆုံး စံချိန်တင် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ လက်ရှိအချိန်အထိ ပြည်ပသို့ ဆန်တင်ပို့မှုတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ယခင်နှစ်ကာလတူထက် တန်ချိန် ခုနစ်သိန်းကျော်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တန်ချိန် ကိုးသိန်းကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှကိုလိုနီခေတ် ၁၉၂၀ မှ ၁၉၄၁ ခုနှစ်ကာလများအတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ အများဆုံး တင်ပို့နိုင်ခဲ့ကြောင်း၊ လွှတ်လပ်ရေးခေတ် နှင့် လွတ်လပ်ရေးနှောင်းပိုင်းများကာလများအတွင်း ပြည်ပသို့ ဆန်တန်ချိန် အများဆုံး တင်ပို့မှုအဖြစ် ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၉ နှင့် ၁၉၆၀ ခုနှစ်များတွင် ဆန်တန်ချိန် တစ်သန်းသာ တင်ပို့ခဲ့ခြင်းသာရှိခဲ့ကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသိန်းအထိ တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။

Most Read

Most Recent