ဂျာနယ်လစ်များအား ကာကွယ်ရေးကော်မတီ (CPJ) က စာနယ်ဇင်းဖိနှိပ်သူများကို ဆုများပေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က စာနယ်ဇင်းလွတ်လပ်မှု အဆိုးဆုံး ကျဆင်းစေသူဆုကို ရရှိခဲ့

ဂျာနယ်လစ်များအား ကာကွယ်ရေးကော်မတီ (CPJ) က စာနယ်ဇင်းဖိနှိပ်သူများကို ဆုများပေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က စာနယ်ဇင်းလွတ်လပ်မှု အဆိုးဆုံး ကျဆင်းစေသူဆုကို ရရှိခဲ့
Published 12 January 2018

Photo - CPJ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စာနယ်ဇင်းလွတ်လပ်မှုကို အဆိုးဆုံး ပျက်စီးစေသူ (Biggest Backsliders in Press Freedom) ဖြစ်ကြောင်း ဂျာနယ်လစ်များ ကာကွယ်ရေး ကော်မတီ (CPJ) က သတ်မှတ်ခဲ့သည်။

မီဒီယာလွတ်လပ်ခွင့်ကို အထောက်အပံ့ဖြစ်စေသည့် စံနှုန်းများအား ထိခိုက်စေမှုနှင့် စာနယ်ဇင်းကို တိုက်ခိုက်သည့် ကမ္ဘာ့ခေါင်းဆောင်များသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို အဆိုးဆုံး ဖိနှိပ်သူအဖြစ် CPJ က သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

“ရိုးသားမှု မရှိဆုံးနှင့် ခြစားမှုအဆိုးဆုံး မီဒီယာ” ကို ဆုများပေးရန် စီစဉ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၃ ရက်တွင် ကြေညာခဲ့မှုကို CPJ က တုံ့ပြန့်ခဲ့ခြင်းဖြစ်သည်။

ဝေဖန်သူများအား အသံတိတ်စေရန်၊ ဒီမိုကရေစီကို ချည့်နဲ့စေရန် ဆောင်ရွက်သူများအား ကဏ္ဍငါးခုခွဲ၍ ဆုများသတ်မှတ် ကြေညာခဲ့သည်။

စာနယ်ဇင်း လွတ်လပ်ခွင့်ကို အဆိုးဆုံး ပျက်စီးစေသူ (Biggest Backsliders in Press Freedom) ဆုတွင် ဒေါ်အောင်ဆန်းစုကြည်က ပထမဆု ရရှိခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆင်ဆာပိတ်ဆို့မှု၌ နဝမမြောက် အဆိုးဆုံးနိုင်ငံဖြစ်ကြောင်း ၂၀၁၅ ခုနှစ်တွင် CPJ က သတ်မှတ်ခဲ့သည်။ သို့သော် ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာခဲ့ပြီးနောက် ဂျာနယ်လစ် ငါးဦးအား အကျဉ်းချထားမှုကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး မီဒီယာလွတ်လပ်ခွင့်အတွက် မျှော်လင့်ချက် မြင့်မားခဲ့သည်။ သို့သော်လည်း စာနယ်ဇင်းကို ဖိနှိပ်သော တရားရေးဆိုင်ရာ ဖွဲ့စည်းမှု အများစုရှိ ဂျာနယ်လစ်များသည် ဆက်လက်အကျဉ်းချ ခံခဲ့ရသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေမှုများအား သတင်းဖော်ပြရန် ကြိုးပမ်းသော ဂျာနယ်လစ်များအား ပိတ်ဆို့ဟန့်တား နှောင့်ယှက်ကြောင်း နယူးယောက်အခြေစိုက် CPJ က ရေးသားခဲ့သည်။

ဒီဇင်ဘာ ၁၂ ရက်တွင် ရိုက်တာဂျာနယ်လစ် နှစ်ဦး ဖမ်းဆီးခံရပြီး နိုင်ငံတော်အစိုးရ၏ လှိူ့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်မှုဖြင့် တရားစွဲခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ရိုက်တာ ဂျာနယ်လစ်များသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရနိုင်သည်။

Biggest Backsliders in Press Freedom ကဏ္ဍတွင် ဒုတိယ ရခဲ့သူသည် ပိုလန်သမ္မတ အင်ဒရေဂျ်ဒူဒါ ဖြစ်သည်။ ကွန်မြူနစ်စနစ်မှ ဥရောပသမဂ္ဂအဖွဲ့ဝင် အဖြစ်သို့ ငြိမ်းချမ်းစွာ ပြောင်းလဲခဲ့မှုအတွက် ဒီမိုကရေစီ သင်္ကေတဖြစ်ခဲ့သော ပိုလန်၏ ဂုဏ်သတင်းသည် ဒူဒါ၏ လက်ထက်တွင် သိသိသာသာ ပြောင်းလဲစေခဲ့ကြောင်း CPJ က ရေးသားခဲ့သည်။

CPJ က ပေးခဲ့သည့် အခြားဆုများတွင် အရေပြား အပါးဆုံး Most thin-skinned ဆုကို တူရကီသမ္မတ ရီဆက်ကေယာစ်အာဒိုဂန်က ရရှိခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒုတိယ ရခဲ့သည်။

တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် မီဒီယာကို အတင်းကျပ်ဆုံး ချုပ်ကိုင်သူ Tightest hrip on Media ဆုကို ပူးတွဲရရှိခဲ့သည်။

အကြမ်းဖက် ဥပဒေများ တရားအလွန်ဆုံး အသုံးပြု၍ စာနယ်ဇင်းကို ဖိနှိပ်သူ (Most Outrageous use of Terror Laws Against) အဖြစ် တူရကီသမ္မတ ရီဆက်စောယစ်အာဒိုဂန်အား CPJ က သတ်မှတ်ခဲ့သည်။

အီဂျစ်သမ္မတ အမ္ဗဒယ်မာတာအယ်စီစီ က ယင်းဆုအတွက် ဒုတိယဆု ရရှိခဲ့သည်။ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်မှုကို ပျက်စီးစေမှုတွင် အောင်မြင်သူဆု (Overall Achivement in Undermining Global Press Freedom) ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရရှိသွားခဲ့သည်။