ရာသီတုပ်ကွေး H1N1 မှာ နှစ်စဉ်ဖြစ်ပွားတတ်သော ရောဂါဖြစ်သဖြင့် အခြားကူးစက်ရောဂါများ နည်းတူ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းကို ဆက်လက်လုပ်ဆောင်မည်

ရာသီတုပ်ကွေး H1N1 မှာ နှစ်စဉ်ဖြစ်ပွားတတ်သော ရောဂါဖြစ်သဖြင့် အခြားကူးစက်ရောဂါများ နည်းတူ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းကို ဆက်လက်လုပ်ဆောင်မည်
Published 10 January 2018

ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုရှိခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက  ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်၍ သွားလာနေသူ အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရာသီတုပ်ကွေးရောဂါမှာ နှစ်စဉ်ဖြစ်ပွားတတ်သောရောဂါ ဖြစ်သဖြင့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ စသည့် ကူးစက်ရောဂါများနည်းတူ စောင့်ကြပ်ကြည့်ရှု၍ကာ ကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို လာမည့် နှစ်များတွင်လည်း စီမံချက်များချမှတ်ကာ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရာသီတုပ်ကွေးရောဂါသည် မိုးတွင်းကာလနှင့် ဆောင်းတွင်းကာလတွင် ပိုမိုဖြစ်ပွားကူးစက်တတ်ရာ ဝန်ကြီးဌာန အနေဖြင့် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးစီမံချက်ကို ရေးဆွဲ၍ ရောဂါ စောင့်ကြပ် ကြည့်ရှုရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများနှင့် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို Pandemic Influenza Preparedness (PIP) Framework နှင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများ ၂၀၀၅ နှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် Pandemic Influenza Preparedness Strategic Plan ကို ပြန်လည်သုံးသပ်ပြီး ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ရာသီတုပ်ကွေး ရောဂါဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခြင်း၊ ပြည်သူ့ကျန်းမာရေး အရေးပေါ် စီမံခန့်ခွဲရေးဗဟိုဌာန ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ဆေးရုံများတွင် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ အဆင်သင့်ရှိစေရေး ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအတွင်း ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်သော ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ နှစ်စဉ်မိုးရာသီ မတိုင်မီ ကြိုတင်ဆောင်ရွက်ခြင်း၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို အဆင့်မြှင့်တင်ခြင်း၊ ပဋိဇီဝဆေးဝါးများ ယဉ်ပါးမှု မဖြစ်စေရေးအတွက် အရေးကြီးလုပ်ငန်း တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းနှင့် ရာသီတုပ်ကွေးရောဂါဆိုင်ရာ သုတေသန လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားသေဆုံးနှုန်း သိသာစွာ ကျဆင်းသွားပြီး ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးမှုအဆင့်ကို လွန်စွာကျဆင်း လာသောအဆင့် (very low case fatality) အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ခဲ့ပြီးဖြစ်သည်။