ဝမ်းတွင်းမြို့နယ် တဲစုကျေးရွာတွင် ကံစမ်းမဲဖောက်ပြီး ပစ္စည်းလိမ်လည်ရောင်းချသူ ထိုင်းနိုင်ငံသားသုံးဦးနှင့် မြန်မာနှစ်ဦးအား အမှုဖွင့်အရေးယူ

ဝမ်းတွင်းမြို့နယ် တဲစုကျေးရွာတွင် ကံစမ်းမဲဖောက်ပြီး ပစ္စည်းလိမ်လည်ရောင်းချသူ ထိုင်းနိုင်ငံသားသုံးဦးနှင့် မြန်မာနှစ်ဦးအား အမှုဖွင့်အရေးယူ
Published 10 August 2017

 

ဝမ်းတွင်းမြို့နယ် တဲစုကျေးရွာတွင် ကံစမ်းမဲဖောက်ကာ ပစ္စည်းလိမ်လည်ရောင်းချသူ ထိုင်းနိုင်ငံသားသုံးဦးနှင့် မြန်မာနှစ်ဦးအား အမှုဖွင့်အရေးယူခဲ့ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဇူလိုင်၂၇ ရက်က ဝမ်းတွင်းမြို့နယ် တဲစုကျေးရွာနေ ဒေါ်ဆယ်တင် အသက်  ၅၁ နှစ် သည် ကျေးရွာအတွင်း အမည်မသိ လူငါးဦးက နေအိမ်သုံး လျှပ်စစ်ပစ္စည်းများ၊ အိမ်သုံးလွှစက်များ၊ လျှပ်စစ် ဟင်းချက်ဒယ်အိုးများ၊ ထမင်းပေါင်းအိုးများအား ကံစမ်းမဲတစ်မဲလျှင် တစ်ရာကျပ်ဖြင့် ရောင်းချသဖြင့် မဲငါးမဲ ဝယ်ယူကံစမ်းခဲ့ရာ အိမ်သုံးလွှစက်မဲပေါက်စဉ်  ၎င်းအိမ်သုံး လွှစက်အား ယူလျှင် ၁၂၅၀၀၀ ပေးရမည်ဖြစ်ကြောင်း ပြောသဖြင့် ပေးခဲ့ရပြီး အိမ်သုံးလွှစက်အား လက်ခံရယူခဲ့ကြောင်း သိရသည်။

ထိုအချိန်က ဒေါ်စိန်တင်အိမ်တွင် အလည်ရောက်ရှိနေသူ ဖိုးရှဲ (ခ) သိုက်စိုးေ၀ အသက်(၂၅)နှစ်မှာလည်း တစ်ရာကျပ်တန် ကံစမ်းမဲ ၁၀ စောင် ဝယ်ယူခဲ့ရာ အိမ်သုံးလွှစက် အသေးတစ်ခု၊ ဂက်စ်မီးဖိုနှစ်လုံးတွဲ အထိုင်တစ်လုံး ၊အသားကင်စက်တစ်လုံးတို့ မဲပေါက်ခဲ့ပြီး ၎င်းပစ္စည်းများ ရယူရန် ငွေကျပ် ၂၄၀၀၀၀ ပေးချေခဲ့ရကာ  အဆိုပါပစ္စည်းများမှာ ကာလပေါက်ဈေးထက် ဈေးများနေကြောင်း နောက်ပိုင်းတွင်မှ သိရှိခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း ကနဦးစစ်ဆေးချက်များအရ သိရသည်။

ထိုသို့ ကံစမ်းမဲဖောက်ရောင်းချသူ ငါးဦးသည် သြဂုတ် ၇ရက်တွင် ဝမ်းတွင်းမြို့နယ် တဲစုကျေးရွာသို့ KYN/ GG /---- နံပါတ်ပါ Probox ယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာစဉ်  ဒေါ်ဆယ်တင်မှ ပင်းတလဲရဲစခန်းသို့ သွားရောက်အကြောင်းကြားခဲ့ရာ ရဲစခန်းတာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ မော်လမြိုင်မြို့နယ်နေ လင်းလင်း အသက်(၂၉နှစ်)၊ သထုံမြို့၊ ဇေယျာ (၂) ရပ်ကွက် ဘိုဟေမာန် အသက်(၃၇ နှစ်) ယာဉ်မောင်း၊ ထိုင်းနိုင်ငံသား Peephukhieo Chai-yaporn အသက်(၂၈ နှစ်)၊ထိုင်းနိုင်ငံသား  Nueangkaeo samrit အသက်(၄၅ နှစ်)၊ ထိုင်း နိုင်ငံသား Kanhakhieo winyu အသက် (၃၆ နှစ်) တို့ငါးဦးအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

“အဲဒီဖြစ်စဉ်မှာ ပါဝင်တဲ့ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ ထိုင်းသုံးဦးကို အမှုဖွင့်ထားပါတယ်။ ထိုင်းနိုင်ငံခြားသားတွေ ကတော့ လဝက ဥပဒေနဲ့ အမှုဖွင့်ထားတာ၊ မိတ္ထီလာထောင်မှာ ထိန်းသိမ်းထားပါတယ်” ဟု ပင်းတလဲ ရဲကင်းစခန်းမှ ရဲအုပ်မင်းမင်းထွေးက သြဂုတ် ၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

အဆိုပါ လိမ်လည်ကံစမ်းမဲပြုလုပ်ပြီး ပစ္စည်းများအား လိမ်လည်ရောင်းချသူ ငါးဦးအား အရေးယူပေးပါရန် ဒေါ်ဆယ်တင်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် သြဂုတ် ၈ ရက်တွင် ပင်းတလဲရဲကင်းစခန်းက (ပ)၃၁/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ)အက် ဥပဒေပုဒ်မ ၄(၂) ကျူးလွန်သူ ထိုင်းနိုင်ငံသား သုံးဦးအား အရေးယူပေးပါရန် ဝမ်းတွင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ် ပုံတင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူက တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့်  ပင်းတလဲ၊ ရဲကင်းစခန်းမှ (ပ)၃၂/၂၀၁၇ မြန်မာ နိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။