နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် နေအိမ်ရှေ့သွားရောက် တောင်းဆိုခဲ့သူကို သက်ဆိုင်ရာက ထိန်းသိမ်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် နေအိမ်ရှေ့သွားရောက် တောင်းဆိုခဲ့သူကို သက်ဆိုင်ရာက ထိန်းသိမ်း
Published 5 January 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် နေအိမ်ရှေ့သွားရောက် တောင်းဆိုခဲ့သူကို ဇန်နဝါရီ ၄ ရက်က တွေ့ရစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် နေအိမ်ရှေ့သို့ ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက သွားရောက်တောင်းဆိုခဲ့သူအား သက်ဆိုင်ရာရဲတပ်ဖွဲ့က ထိန်းသိမ်းကာ ဗဟန်းမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် ဗဟန်း မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ သွားရောက် တောင်းဆိုခဲ့သူမှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် ဦးညီညီထွန်းဆိုသူဖြစ်ပြီး ၎င်းသည် “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံခွင်ပြုပါရန် မေတ္တာရပ်ခံပါသည်” စာသားပါ ဗီနိုင်းဆိုင်းဘုတ်ကိုင်ဆောင်၍ နေအိမ်ရှေ့တွင် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတဲ့ အကြောင်းကတော့ ကျွန်တော် ၁၉ - ၁၂ - ၂၀၁၇ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောင်းရွှေ့ရေး အပါအဝင် အချက် ၁၁ ချက်ကို ကျွန်တော်တောင်းဆိုထားပါတယ်။ အဲဒီလို တောင်းထားတာရယ် ယနေ့ ကျွန်တော်တို့ဆီမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေရယ်၊ ကျွန်တော်တို့ လက်ရှိခံစားနေရတဲ့ ဒုက္ခတွေရယ်ကို ကိုယ်တိုင်ကိုယ်ကျ ပြောပြချင်တယ်။ ပြည်သူတွေရဲ့ အခက်အခဲတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံကို တိုက်ရိုက်ပြောချင်လို့ အခုလို တောင်းဆိုတာဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သည့် ဦးညီညီထွန်းက ပြောကြားသည်။

ထိုသို့ တောင်းဆိုမှု မပြုလုပ်မီ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က သက်ဆိုင်ရာမြို့နယ်ရဲစခန်းဖြစ်သည့် ဗဟန်းမြို့မရဲစခန်းသို့ စာတင်ခဲ့ပြီး ရဲစခန်းက ငါးရက်ကြာသည်အထိ စာမပြန်ခဲ့သဖြင့် လက်ခံသည်ဟုထင်၍ ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီလိုတောင်းဆိုဖို့ ဒီဇင်ဘာ ၃၁ ရက်က ရဲစခန်းကို စာတင်ခဲ့ပါတယ်။ ငြိမ်းစုစီမှာ အရင်အစိုးရလက်ထက်ကတော့ ခွင့်ပြုမိန့်ယူရတယ်။ အခုအစိုးရလက်ထက်မှာ သူတို့က ၄၈ နာရီအတွင်း အကြောင်းကြားဖို့ပဲ လိုအပ်တယ်ဆိုပြီး ပြောင်းလဲလာတယ်။ အရင်တုန်းကလည်း ဆန္ဒဖော်ထုတ်တုန်းက သူတို့ကို အကြောင်းကြားလိုက်တယ်။ သူတို့ဆီက ဘာအကြောင်းကြားစာမှ မလာဘူးဆိုရင် သူတို့ခွင့်ပြုတယ်ပေါ့။ အဲဒီအချိန်အတွင်းမှာ သူတို့က ခွင့်မပြုဘူးလို့ အကြောင်းပြန်လာရင်တော့ အစ်ကိုတို့ လုပ်လို့မရဘူးပေါ့။ အခုကလည်း အကြောင်းမပြန်တော့ သူတို့ ခွင့်ပြုတယ်ပေါ့။ တွေ့ဆုံခွင့် တောင်းလို့ရတယ်ထင်လို့ လာခဲ့တာပါ” ဟု ဦးညီညီထွန်းက ပြောကြားသည်။

ထို့နောက် ဦးညီညီထွန်းကို တာဝန်ရှိသူများက သက်ဆိုင်ရာဗဟန်းရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အမှုဖွင့်လှစ်ခြင်းမရှိဘဲ ယင်းနေ့ ညနေပိုင်းတွင် ခံဝန်ထိုးပြီး ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဗဟန်းမြို့မရဲစခန်းသို့ သွားရောက် မေးမြန်းခဲ့သော်လည်း ရဲစခန်းက ပြန်လည်ဖြေကြားခြင်းမရှိပေ။

Most Read

Most Recent