မကွေးတိုင်း ယောချောင်းတစ်ဝိုက် ကြက်သွန်စိုက်တောင်သူများ သီးနှံစိုက်ပြီးချိန် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် သီးနှံဖြစ်ထွန်းမှု ထိခိုက်မည်ကို စိုးရိမ်နေပြီး စိုက်ပျိုးစရိတ်ကြီးမြင့်မှု ကြုံတွေ့နေ

မကွေးတိုင်း ယောချောင်းတစ်ဝိုက် ကြက်သွန်စိုက်တောင်သူများ သီးနှံစိုက်ပြီးချိန် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် သီးနှံဖြစ်ထွန်းမှု ထိခိုက်မည်ကို စိုးရိမ်နေပြီး စိုက်ပျိုးစရိတ်ကြီးမြင့်မှု ကြုံတွေ့နေ
Published 3 January 2018

ချောင်းရေနည်းပါးချိန်တွင် ကြက်သွန်စိုက်ပျိုးရန် မြေပြုပြင်မှုပြုလုပ်နေသည့် ယောချောင်းအတွင်း တောင်သူများအား တွေ့ရစဉ်

မကွေးတိုင်း ယောချောင်းတစ်ဝိုက် ကြက် သွန်စိုက်တောင်သူများ သီးနှံစိုက်ပြီးချိန်  ယခု ၂၀၁၈ နှစ်ဆန်းပိုင်းတွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် သီးနှံဖြစ်ထွန်းမှု ထိခိုက်မည်ကို စိုးရိမ်နေရပြီး စိုက်ပျိုးစရိတ်ကြီးမြင့်မှု ကြုံတွေ့နေရကြောင်း တောင်သူများက ပြော ကြားသည်။

ယောချောင်းတစ်ဝိုက်မှ ကြက်သွန်စိုက် တောင်သူများမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ် ကုန်ပိုင်းမှစ၍ အချိန်အခါမဟုတ် မိုးရွာသွန်းမှု စတင်ကြုံတွေ့နေရပြီး စိုက်ပျိုးပြီးစ ကြက်သွန်ပင်များမှာ အမြစ်တွယ်ရန် ခက်ခဲခြင်းနှင့် ဖျက်ပိုးကျမည်ကို စိုးရိမ်နေကြောင်း သိရသည်။

“အတော်များများလည်း စိုက်ပျိုးပြီးကြ လို့ တစ်ပတ် ၁၀ ရက်ရှိနေပြီ။ အပင်လည်း  ဖြစ်နေပြီ။ ဒါပေမဲ့ မိုးက ရက်ရှည်ရွာနေတော့ စိုက်ခင်းတွေထဲ ရေကပြည့်နေတယ်။ အပင် ဖြစ်ထိခိုက်ပြီး အပင်အမြစ်က မြေကြီးမှာ ခိုင် ခိုင်မာမာ မတွယ်မိမှာ စိုးရိမ်ရတယ်။ အဲဒီလို ဖြစ်သွားရင် ဥချကို ထိခိုက်နိုင်တယ်။ မိုးရွာ ရက်ရှည်တဲ့အတွက် ပိုးကျမှာ စိုးရိမ်ရတယ်။ ခုနေတော့ သေချာမပြောနိုင်ပေမယ့် မိုးကင်း သွားရင်တော့ သေချာစစ်ရတော့မယ်။ လို အပ်ရင်တော့ ဆေးသုံးရမှာပေ့ါ” ဟု ပေါက်မြို့နယ် လယ်လန်းကျေးရွာမှ တောင်သူဦးမြင့်အောင်က ပြောကြားသည်။

၂၀၁၇ ခုနှစ်၏ မိုးကာလ ကုန်ဆုံးပြီးနောက် ယောချောင်းအတွင်း ချောင်းရေနည်းပါးချိန်တွင် ယောချောင်းတစ်ဝိုက်မှ ကြက်သွန်စိုက် တောင်သူများမှာ မြေခွဲဝေခြင်း၊ မြေညှိခြင်းနှင့် ကြက်သွန် ပျိုးထောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြက်သွန်နီ ပျိုးထောင်ချိန်တွင် ပျိုးပင်ဖြစ်ထွန်းမှု နည်းပါးခဲ့သည့်အတွက် ပျိုးပင်ဈေးနှုန်း ကြီးမြင့်မှုကြုံတွေ့ရပြီး ယခင်ပျိုးပင် တစ်ပိဿာကျပ် ၃၀၀၀ ခန့်သာ ရှိသော်လည်း ယခုနှစ်တွင် ပျိုးပင်တစ်ပိဿာ ကျပ် ၆၀၀၀ ခန့်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း သိရသည်။

“ဒီနှစ် ကြက်သွန်ပျိုးထောင်ချိန်မှာ ရာသီဥတုကြောင့် ပျိုးပင်အဖြစ်နည်းတယ်။ အဲဒီတော့ တောင်သူက ရသမျှဈေးနဲ့ ဝယ်ပြီးစိုက်ရတော့ ဈေးတွေတက်ကုန်တယ်။ အရင် ပျိုး ပင် တစ်သိန်းဖိုးနဲ့အဆင်ပြေရင် ဒီနှစ်က နှစ် သိန်းဖိုးလောက်ပေးဝယ်မှ အဆင်ပြေတယ်။ မြေသြဇာအဖြစ်သုံးတဲ့ နွားချေးကလည်း အရင် တစ်တင်း ငါးရာလောက်ရှိတာ ဒီနှစ် ကျပ်တစ်ထောင်လောက် ပေးရတယ်။ ထွန်ခ ယက်ခလည်း တက်တယ်။ အရင်နှစ်တွေက တစ်ပိဿာ ကျပ်၄၀၀ လောက် အရင်းကျ တယ်။ ဒီနှစ် တစ်ပိဿာ အရင်း ကျပ် ၆၀၀ လောက်ကျမယ်” ဟု လယ်လန်းကျေးရွာမှ တောင်သူဦးမြင့်အောင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကြက်သွန်ရောင်းဝယ်ရေး ရာသီတွင် ကြက်သွန်ဈေးနှုန်း တစ်ရာသီလုံးနီးပါး မြင့်တက်မှုကြောင့် တောင်သူများ အကျိုးအမြတ်များခဲ့ပြီး ယခုနှစ် စိုက်ပျိုးချိန်တွင် တချို့သော တောင်သူများမှာ ယခင်ထက် ပိုမိုစိုက်ပျိုးကြောင်း သိရသည်။

ယောချောင်းအတွင်းရှိ ကြက်သွန်စိုက် ပျိုးမြေများမှထွက်ရှိသည့် ကြက်သွန်နီများအား ပခုက္ကူဈေးကွက်သို့ လာရောက် ရောင်းချလေ့ရှိပြီး နှစ်စဉ်ပိဿာချိန် သိန်း ၁၀၀ နီးပါး ထွက်ရှိသည့်အပြင် ယောချောင်းအတွင်း သီးနှံစိုက်ပျိုးရေး လုပ်ငန်းမှာ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent