အခါမဲ့ မိုးရွာသွန်းမှုကြောင့် မကွေးတိုင်းအတွင်း အစိုဓာတ် လိုအပ်နေသည့် ကိုင်းစိုက်ခင်းများ အထောက်အကူ ရသော်လည်း အာလူးနှင့် ကြက်သွန်စိုက်ခင်း အများစု ပျက်စီးမည့် အခြေအနေ ဖြစ်ပေါ်

အခါမဲ့ မိုးရွာသွန်းမှုကြောင့် မကွေးတိုင်းအတွင်း အစိုဓာတ် လိုအပ်နေသည့် ကိုင်းစိုက်ခင်းများ အထောက်အကူ ရသော်လည်း အာလူးနှင့် ကြက်သွန်စိုက်ခင်း အများစု ပျက်စီးမည့် အခြေအနေ ဖြစ်ပေါ်
Published 2 January 2018

မကွေးမြို့ မြသလွန်စေတီတော် အောက်ခြေအနီး ဧရာဝတီမြစ်ကမ်းနံဘေးမှ ကိုင်းမြေများတွင် သီးနှံစိုက်ပျိုးသည့် လုပ်ငန်းခွင်ကို တွေ့ရစဉ်

ဒီဇင်ဘာ ၃၁ ရက် ညမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ရွာသွန်းခဲ့သော အခါမဲ့မိုးကြောင့် မကွေးတိုင်း ဒေသကြီးအတွင်း အစိုဓာတ်လိုအပ်နေသည့် ကိုင်းစိုက်ခင်း (ဆောင်း သီးနှံ) များအတွက် အထောက်အကူ ရသော်လည်း အာလူးနှင့် ကြက်သွန်စိုက်ခင်းအများစု ပျက်စီးမည့်အခြေအနေ ဖြစ်ပေါ်နေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

မကွေးတိုင်းအတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်များရှိ ကိုင်း၊ မြေနုကျွန်းများနှင့် ထိုမြစ်များအတွင်း စီးဝင်သည့် ချောင်းများအတွင်း ဆောင်းသီးနှံများ စိုက်ပျိုးလေ့ရှိ ကြောင်း၊ ၂၀၁၇ ခုနှစ် မိုးရာသီက မြစ်ရေသုံး ကြိမ်အထိ မြင့်တက်ခဲ့သောကြောင့် ထိုစိုက် ခင်းများသည် စိုက်ပျိုးချိန် နောက်ကျခဲ့ရကြောင်း၊ ထို့ကြောင့် ကုလားပဲကိုသာ အဓိကထား စိုက်ပျိုးခဲ့ကြပြီး အဆိုပါအခါမဲ့မိုးက အစိုဓာတ် လိုအပ်နေသည့် ကုလားပဲစိုက်ခင်းများအတွက် အထောက်အပံ့ရခဲ့ကြောင်း သိရသည်။

“မိုးရွာလိုက်တာက ရေလိုနေတဲ့ ကုလားပဲခင်းတွေ အတွက်တော့ အကိုက်ဖြစ်သွားပါ တယ်။ ဒါပေမဲ့ အရင်ရက်ကရေလိုလို့ ရေစုပ်တင်ထားတဲ့ အခင်းတွေမှာတော့ မိုးရေထပ်ဝပ်ရင် အပင်တွေ ပုပ်ကုန်တတ်ပါတယ်။ စိုက်ခင်းတွေက နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြန်စိုက်ထားရတော့ တောင်သူတွေက စိုးရိမ်မှုတွေလည်း ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာမှ တောင်သူဦးဇော်ဇော်က ပြောကြားသည်။

မကွေးတိုင်းအတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ် မြေနုကျွန်းများနှင့် ထိုမြစ်များအတွင်း စီးဝင်သည့် ယော၊ နွယ်တမယ်၊ ပင်း၊ ယင်း၊ ဒေါင်းနေချောင်းများအတွင်း အာလူးနှင့် ကြက်သွန်များ စိုက်ပျိုးလေ့ရှိကြောင်း၊ အာလူးနှင့် ကြက်သွန်သည် မိုးရေလုံး၀ မကြိုက်ကြောင်း၊ ထိုစိုက်ခင်းများသည် အခါမဲ့မိုးကြောင့် ပျက်စီးမည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရသည်။

“မိုးကအရမ်းမများပေမယ့် ကြက်သွန်ရဲ့သဘာဝက မိုးရေနဲ့မတည့်တော့ ပျက်စီးမယ့် အခြေအနေ ဖြစ်နေပါတယ်။ အခုက ချောင်းထဲမှာစိုက်ဖို့ ကြက်သွန်ပျိုးတွေ နုတ်ရတော့မယ့် အချိန်ဆိုတော့ စိုက်ပျိုးမရမယ့် အခြေအနေတွေလည်း ရှိနေပါတယ်” ဟုရေနံချောင်းမြို့နယ် ပင်းချောင်းအတွင်း နှစ်စဉ် ကြက်သွန် စိုက်ပျိုးလေ့ရှိသူ တစ်ဦးက ပြောကြားသည်။

မကွေးမြို့ တည်ပင်ကန်ပွဲရုံမှ ဦးစိုးဝင်းက “မိုးရွာလိုက်တာကြောင့် နုတ်ရခါနီး ဥပြန်စိုက်ထားတဲ့ ကြက်သွန်တွေက ပုပ်ကုန်တတ်ပါတယ်။ ချောင်းထဲမှာ စိုက်ရမယ့် ကြက်သွန်ပျိုးပင်တွေကလည်း အများစု ပျက်စီးကြမှာပါ။ အာလူးစိုက်ခင်းတွေကလည်း မူလက မြေအောက်ရေ အစိုဓာတ်နဲ့ ချိန်စိုက်ထားတာကို အခုမိုးရေကအပေါ် အစိုဓာတ်ထပ်ဝင်တော့ အောက်အစိုဓာတ်နဲ့ အပေါ်အစိုဓာတ်ထိသွားရင် ပျက်စီးကုန်မှာပါ” ဟု ပြောကြားသည်။

မကွေးတိုင်းအတွင်း ၂၀၁၇ ခုနှစ် မိုးရာသီနှောင်းပိုင်းက မုန်တိုင်းမိုးများ အားကောင်းမှုကြောင့် စလင်း၊ ပွင့်ဖြူ၊ မင်းဘူးမြို့နယ်များအတွင်း ငရုတ်စိုက်ပျိုးမှု ရာခိုင်နှုန်း ၉၀ ကျော် လျော့ကျခဲ့ပြီး ရေနံချောင်းမြို့နယ်အတွင်း ငရုတ်ပျိုးပင် စိုက်ပျိုးရောင်းချသူများ အရှုံးပေါ်ခဲ့ကြောင်း၊ မြစ်ရေသုံးကြိမ်အထိ မြင့်တက်ခဲ့ကာ အကြိမ်ကြိမ် ပြန်လည်စိုက်ပျိုးရမှုကြောင့် ကိုင်းနှင့် မြေနုကျွန်း စိုက်ခင်းများတွင် အရင်းအနှီးစရိတ် မြင့်တက်ခဲ့ကာ အချို့ တောင်သူများသည် သီးနှံထပ်မံ မစိုက်ပျိုးနိုင်သည်အထိ ရှိခဲ့ကြောင်း၊ ယခုရက်ပိုင်း ရွာသွန်းနေသည့် အခါမဲ့ မိုးများသည် ရက်ရှည်ရွာ၍ ပမာဏများလာလျှင် ချောင်းရေကျသည်အထိ ဖြစ်လာနိုင်ကြောင်း၊ ထိုသို့ ချောင်းများ ရေစီးလာလျှင် ချောင်းများအတွင်း ကြက်သွန်နှင့် အာလူးစိုက်ပျိုးရန် အသင့်ပြင်ဆင်ထားသည့် စိုက်ခင်းနေရာများ ပျက်စီးမည်ကိုလည်း စိုးရိမ်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 

Most Read

Most Recent