မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော် နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သဘောတူညီချက်ဖြင့် ဖွင့်လှစ်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော် နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သဘောတူညီချက်ဖြင့် ဖွင့်လှစ်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 31 December 2017

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နန်းတော်စစ်ဆေးရေးစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော် နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်ဂိတ်အဖြစ် ဖွင့်လှစ်ရန် သမ္မတရုံးသို့ တင်ပြ၍ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သဘောတူညီချက်ဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်သည့် ဒုတိယသမ္မတ (၁) နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်အစည်းအဝေး (၁၃) ကြိမ်မြောက် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ကတော့ ဒီချင်းရွှေဟော် နယ်စပ်ကို ဂိတ်ဖွင့်မယ်ဆိုရင် ကျွန်တော်တို့ ကန့်ကွက်ဖို့ မရှိပါဘူး။ ဆောင်ရွက်ပေးဖို့ အသင့်ပဲဖြစ်ပါတယ်။ လက်ရှိမှာတောင် ကိုးယောက် တာဝန်ချထားပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ အဲဒီတော့ ဒီဒေသကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် ဆောင်ရွက်ချင်တယ်ဆိုရင် သက်ဆိုင်ရာပြည်နယ်၊ တိုင်းကနေမှ ပြည်ထောင်စုအစိုးရကို တင်ပြဖို့ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရကမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများပေါ့။ ပြည်ထဲရေးဝန်ကြီးဌာန ရှိမယ်။ ကာကွယ်ရေးဝန်ကြီးဌာန ရှိမယ်။ အလုပ်သမားဝန်ကြီးဌာန ရှိမယ်။ တခြားသော ဝန်ကြီးဌာနများနဲ့ သဘောထားဆန္ဒများ တောင်းခံသွားမှာ ဖြစ်ပါတယ်။ အားလုံးက ကန့်ကွက်ရန် မရှိဘူး။ လုံခြုံရေးအရလည်း အဆင်ပြေတယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ လုံခြုံရေးနဲ့ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကော်မတီကို တင်ပြပြီးတော့ အဲဒီကနေ သမ္မတရုံးကို တင်ပြမယ်။ ပြီးရင် အစိုးရအဖွဲ့ကို တင်ပြပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနချင်း သဘောတူညီချက် ဆောင်ရွက်ပြီးမှ ဒါကို ဒါကိုခွင့်ပြုပေးလို့ရမယ့် အနေအထားဖြစ်ပါတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

နှစ်နိုင်ငံ နယ်စပ်ဒေသရှိ နယ်စပ်ဝင်ပေါက် ဂိတ်များကို အပြည်ပြည်ဆိုင်ရာ ဂိတ်များအဖြစ် သတ်မှတ်ရန်အတွက် အဓိက အချက်သုံးချက် ရှိကြောင်း၊ အဆိုပါ အချက်သုံးချက်နှင့် ကိုက်ညီမှုရှိမှသာ နှစ်နိုင်ငံသဘောတူညီမှုဖြင့် အပြည်ပြည်ဆိုင်ရာ နယ်စပ် အဝင်အထွက်ဂိတ်ပေါက်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“အပြည်ပြည်ဆိုင်ရာ ဂိတ်အဖြစ် သတ်မှတ်မယ်ဆိုရင် သူ့ရဲ့ Criteria သုံးခု ရှိပါတယ်။ အဲဒါတွေကတော့ နှစ်နိုင်ငံကြားမှာ တိကျတဲ့ နယ်နိမိတ်သတ်မှတ်ချက် ရှိရပါမယ်။ နယ်မြေအလိုက် လုံခြုံရေးအာမခံချက် ရှိပါမယ်။ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီးတော့ နှစ်နိုင်ငံ သဘောတူညီချက် ရှိရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်နယ်စပ်ဂိတ် အပါအဝင် နယ်စပ်ဂိတ် စုစုပေါင်းရှစ်ခုရှိပြီး အဆိုပါ နယ်စပ်ဂိတ်အားလုံးကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်ဂိတ်များအဖြစ်သို့ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သို့သော်လည်း မြန်မာ-တရုတ် နယ်စပ်ဂိတ်များမှ BP စနစ်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုထားပြီး တစ်လလျှင် ပျှမ်းမျှ ချင်းရွှေဟော်စခန်းမှ တရုတ်နိုင်ငံသား ၄၀၀၀ နှင့် မြန်မာနိုင်ငံသား အဝင်အထွက် ၁၀၀၀၀ ခန့်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

“အဲဒီမှာတော့ လောလောဆယ် BP နဲ့ ပဲ ဖြတ်သန်းခွင့် ပြုနေပါသေးတယ်။ ပျှမ်းမျှအားဖြင့် ချင်းရွှေဟော်စခန်းမှာ တရုတ်နိုင်ငံသား တစ်လမှာ ၄၀၀၀ လောက် ဝင်ထွက်မှုရှိတယ်လို့ စာရင်းဇယားအရ သိရပါတယ်။
မြန်မာနိုင်ငံသား အဝင်အထွက်ကတော့ တစ်လကို ၁၀၀၀၀ လောက် ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။

Most Read

Most Recent