အမြန်လမ်းမကြီး နံဘေးတွင် အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်မည့်ဆေးရုံတစ်ရုံ တည်ဆောက်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

အမြန်လမ်းမကြီး နံဘေးတွင် အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်မည့်ဆေးရုံတစ်ရုံ တည်ဆောက်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား
Published 31 December 2017

ရန်ကုန်မြို့ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ပိုမိုအာရုံစိုက် လုပ်ဆောင်မည်ဖြစ်ကာ အမြန်လမ်းမကြီးဘေးတွင် အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်မည့် ဆေးရုံတစ်ရုံ တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ ဆေးတက္ကသိုလ် (၁) တွင် ပြုလုပ်သော “ဆေးတက္ကသိုလ်များ၏ လက်တွေ့ကျွမ်းကျင်မှု ပုံစံတူလေ့ကျင့်သင်ကြားရေးနှင့် သုတေသနဌာန National Skills Training, Simulation and Research Centre အဆောက်အအုံ ပန္နက်တင်အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်မြို့ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍကို ပိုပြီးအာရုံစိုက်ပါ့မယ်။ ဒီအတွက် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆေးရုံ၊ ဆေးခန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေတွေကိုလည်း ဒီထက်ပိုပြီး တိုးတက်လာဖို့အတွက် မျှော်မှန်းပါတယ်။ ကျန်းမာရေး အကြောင်းတစ်ခုခု ပေါ်ပေါက်လာပြီဆိုရင် အားလုံးက ရန်ကုန်ကိုလာပြီး ဆေးကုသမှုပြုကြပါတယ်။ ကျွန်တော်တို့ အမြို့မြို့အနယ်နယ်က ဆေးကုသတဲ့ သူတွေပဲဖြစ်ဖြစ်၊ ရန်ကုန်တိုင်းအတွင်းကပဲ အရေးပေါ်အခြေအနေကြောင့် ဆေးကုသတဲ့ သူတွေအတွက် စနစ်တစ်ခု ထူထောင်ပြီး ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “အမြန်လမ်းမကြီးအတွက် ဆေးရုံတစ်ခု ထူထောင်နိုင်ဖို့အတွက် တိုက်တွန်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အမြို့မြို့အနယ်နယ်က ဝင်လာတဲ့သူတွေက အမြန်လမ်းမကြီးအတိုင်း ဝင်လာတာဖြစ်ပါတယ်။ အမြန်လမ်းမကြီးဘေးမှာ တကယ့်ကို အဆင့်အတန်းမီ ဆေးရုံကြီးတစ်ခု ရှိမယ်ဆိုရင် အမြန်လမ်းမကြီးရဲ့အမြို့မြို့ အနယ်နယ်က ဝင်လာတဲ့သူတွေအတွက် အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်မယ့်ဆေးရုံတစ်ခု ပေါ်ဖို့အတွက် ကြိုးပမ်း ဆောင်ရွက်နေပါတယ်”ဟု ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း လှည်းကူးမြို့ အမြန်လမ်းမကြီးဘေးတွင် မြို့သစ်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပန္နက်တင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အမြန်လမ်းမကြီးဘေးတွင် ဆေးရုံ တည်ဆောက်ဖို့အတွက်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သဘောတူထားပြီး တည်ဆောက်ရန်အတွက်လည်း ပြင်ဆင်နေကြောင်း သိရသည်။

ရန်ကုန်မြို့၏ လူဦးရေ ခုနစ်သန်းနှင့် နှိုင်းယှဉ်ပါက ဆေးရုံခုတင် အရေအတွက်သည် နည်းပါးနေသေးကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။