မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် နီပွန်ဖောင်ဒေးရှင်းတို့တွေ့ဆုံပြီး NCA လက်မှတ်ရေးထိုးရေး အပါအဝင် ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး ဆွေးနွေး

မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် နီပွန်ဖောင်ဒေးရှင်းတို့တွေ့ဆုံပြီး NCA လက်မှတ်ရေးထိုးရေး အပါအဝင် ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး ဆွေးနွေး
Published 30 December 2017

ငြိမ်းချမ်းရေးကော်မရှင်၊ နီပွန်ဖောင်ဒေးရှင်းနှင့် မွန်ပြည်သစ်ပါတီတို့ ဒီဇင်ဘာ ၂၈ ရက်က ရေးမြို့နယ် တူးမြောင်းကျေးရွာရှိ ဦးဇင်းလေးကျောင်းတိုက်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-ကိုအောင်နိုင်ဝင်း)

မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် နီပွန်ဖောင်ဒေးရှင်းတို့ဒီဇင်ဘာ ၂၈ ရက်က တွေ့ ဆုံပြီး NCA လက်မှတ်ရေးထိုးရေး အပါအဝင် ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန် အပါအဝင် မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ် လယီကောင်း၊ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ကျော့ရဲ့၊ ထားဝယ်ခရိုင်ဥက္ကဋ္ဌ နိုင်ဉာဏ်ထွန်း၊ ထားဝယ်ခရိုင်အတွင်းရေးမှူး နိုင်ဉာဏ်ထွန်းတို့ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရေးမြို့နယ် ဝယ်ဇင်ကျေးရွာရှိ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ် ဝယ်ဇင်စခန်းတွင်လည်းကောင်း၊ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ရေးမြို့နယ် တူးမြောင်းကျေးရွာရှိ ကျိုက်ဒေတမော့ဗရတ် သာသနာပြုဌာန (ဦးဇင်းလေးကျောင်းတိုက်)တွင် ငြိမ်းချမ်းရေးကော်မရှင်မှ ဦးခင်ဇော်ဦး၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့ဝင်များနှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး NCA လက်မှတ်ရေးထိုးရေး အပါအဝင် ငြိမ်း ချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးများ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့က မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျား ဒေသရှိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် မွန်ပြည်သစ်ပါတီအနေဖြင့် NCA စာချုပ် လက်မှတ်ရေးထိုးရေး ကိစ္စနှင့်ပတ်သက်၍ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး NCA စာချုပ် လက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်းအား မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ၏ဆုံးဖြတ်ချက်ကို တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း UNFC မူဖြင့်မသွားဘဲ မွန်ပြည်သစ်ပါတီ၏ မူနှင့်သွားမည်ဟုဆုံးဖြတ်ခဲ့ကြောင်းကို ကြားသိရကြောင်း၊ ယင်းဆုံးဖြတ်ချက်ကို UNFC ကလည်း လက်ခံသည့်အတွက် မကြာခင် လက်မှတ်ရေးထိုးမည့်အချိန် ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် တိကျသည့် အဖြေပေးရန် လိုအပ်ချက်လေးများရှိနေသေးကြောင်း ကျိုက်ဒေတမော့ဗရတ် သာသနာပြုဌာန ဦးဆောင်ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မက မိန့်ကြားတော်မူလိုက်ကြောင်း ရေးမြို့နယ် လူမှုအကျိုး ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

“မွန်ပြည်သစ်ပါတီအနေနဲ့ NCA စာချုပ်မှာ လက်မှတ်ထိုးပြီးတော့ ငြိမ်းချမ်းရေး လမ်းကြောင်းမှာ ပါဝင်လာဖို့က သေချာသလောက်ရှိပြီလို့ထင်တယ်။ ဒါပေမဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ UNFC အဖွဲ့ငါးဖွဲ့ လမ်းကြောင်းကနေမှ ပါတီရဲ့သဘောအတိုင်းပဲ လက်မှတ်ထိုးဖို့ ဆုံးဖြတ်နိုင်တာနဲ့ပတ်သက်လို့ ကြိုဆိုရမှာဖြစ်ပါတယ်။ မွန်ပြည်နယ်မှာရှိတဲ့ ပြည်သူအားလုံးရဲ့ဆန္ဒလည်း အဲဒီအတိုင်းဖြစ်လို့ ကြိုဆိုရမှာဖြစ်ပါတယ်။ မွန်ပြည်သစ်အနေနဲ့ NCA စာချုပ်မှာလက်မှတ်ထိုးမယ့်ရက်က ကျွန်တော့်အမြင် ပြည်ထောင်စုနေ့ မတိုင်ခင်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်”ဟု ဦးအောင်နိုင်ဝင်းက ဆက်လက်ပြောကြား သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် မွန်ပြည်သစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ  နိုင်ဟံသာဦးဆောင်သည့်အဖွဲ့တို့ နိုဝင်ဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီက မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာရှိ ကျိုက်ဒေတ မော့ဗရတ် သာသနာပြုဌာနတွင် ပဉ္စမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းနှင့် ဆွေးနွေးခဲ့သည့်အကြောင်းအရာနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

မွန်ပြည်သစ်ပါတီသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ  (UNFC) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပြီး UNFC ဥက္ကဋ္ဌမှာလည်း မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာပင်ဖြစ်ကာ UNFC အဖွဲ့ဝင်များ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။