လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာအနီး ဆီပီပါများ သိုလှောင်ထားသည့်နေရာတွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား

လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာအနီး ဆီပီပါများ သိုလှောင်ထားသည့်နေရာတွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား
Published 28 December 2017

မီးလောင်ပေါက်ကွဲခဲ့သည့် ဆီပီပါများကို တာဝန်ရှိသူများက ငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ - ကြည်နိုင်)

လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာအနီး ဆီပီပါများ သိုလှောင်ထားသည့်နေရာ၌ ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆီပီပါအချို့ ပေါက်ကွဲမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှု အကြောင်းရင်းမှာ ဓာတ်ဆီလှယ်နေစဉ် ဆေးလိပ်မီးညှိရာမှ ဓာတ်ဆီအငွေ့များသို့ မီးကူးစက်၍ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာ ပတ်ဝန်းကျင် အနီးနေထိုင်သူ အမျိုးသားတစ်ဦးက “မီးစလောင်တုန်းက ပိုက်တွေလည်းမရှိတော့ ဘယ်လိုလုပ်ရမလဲမသိဘူး ဖြစ်နေတယ်။ နောက်မီးသတ်ကားတစ်စီး ရောက်တော့ မီးသတ်နှစ်ယောက်နဲ့ ကျွန်တော်တို့ နှစ်ယောက်နဲ့ မီးလုံးကြီးတွေထဲကို ဝင်ပြီးငြှိမ်းခဲ့ရပါတယ်။ ပီပါတွေကလည်း ထပေါက်တယ်။ ကျွန်တော်တို့ မီးလောင်တာကို စသိတဲ့အချိန်မှာ တော်တော်လောင်နေပြီ။ ပီပါနှစ်လုံးလောက်  ပေါက်ကွဲတာတွေ့ရတယ်။ မီးသတ်ကားရောက်တဲ့အချိန်မှာ ပိုက်ထိုးနေချိန်မှာပဲ ပီပါတွေက ထပ်ပေါက်တယ်။ မီးက မနိုင်တော့ဘူး။ နောက်ကားတွေ ရောက်လာတော့ ထပ်ဖျန်းလိုက်ပါတယ်။ မီးသတ်ကားတွေ မရောက်ခင်က ကျွန်တော်တို့က စိုးရိမ်တာကအထဲမှာ လူတွေရှိတယ်ထင်တာ။ အထဲမှာ လူတွေတော့မရှိဘူး။ ကျွန်တော်တို့လည်း မီးသတ်သမားတွေနဲ့ ဝိုင်းပြီးတော့ ငြှိမ်းသတ်ခဲ့ပါတယ်” ဟု ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးငြှိမ်းသတ် ယာဉ်စေလွှတ်မှု Level – 3 စေလွှတ်၍ မီးငြှိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက “အဓိက,က ဒီဆီပါတွေလောင်တဲ့အတွက်ကို FOAM Solutioin အမြှုပ်ဆေးရည်နဲ့  အဓိကထားပြီး ငြှိမ်းသတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ FOAM Solutioin ရရှိရေး ဆောင်ရွက်တဲ့အပိုင်း၊ ရေရရှိရေး ဆောင်ရွက်တဲ့အပိုင်း၊ မီးငြှိမ်းသတ်တဲ့ အပိုင်းရယ်ဆိုပြီးအုပ်စုလိုက်ခွဲပြီး ငြှိမ်းသတ်ခဲ့တဲ့အတွက် အချိန်တိုအတွင်း မီးငြိမ်းသွားခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုမီးလောင်မှုမှာ ဆီများမီးလောင်ခြင်းဖြစ်၍  FOAM ဓာတုပစ္စည်းကို ရေဖြင့်ရောနှော၍  FOAM Fire Truck ယာဉ်ဖြင့် အင်ဂျင်မောင်းနှင်ကာ Pressure  ဖြင့် အမြှုပ်ဖြစ်စေပြီး လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမီးလောင်မှုဖြစ်စဉ်တွင် မီးငြှိမ်းသတ်မှုအား လုပ်ကိုင်ခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင်အချို့နှင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

“ကျွန်တော်တို့က ထိခိုက်ဒဏ်ရာရတဲ့ အနည်းငယ်ကို ကူညီဆောင်ရွက်ပါတယ်။ ကြီးကြီးမားမား ဒဏ်ရာရတဲ့သူတော့ မရှိပါဘူး။ အရန်မီးသတ်တပ်ဖွဲ့က နှစ်ဦးက မီးငြှိမ်းသတ်ရင်းနဲ့ သွပ်ပြားရှတာတို့၊ နည်းနည်း ပွန်းပဲ့တာတို့ ဖြစ်ပါတယ်။ အပြင်က အရပ်သား လေး၊ ငါးဦးလောက်လည်း ထိခိုက်ဒဏ်ရာ အနည်းငယ်ရပါတယ်။ မီးလောင်ရင်းနဲ့ ဆီတိုင်ကီတစ်လုံးက ပေါက်ကွဲပြီး လမ်းပေါ်ကို ပြုတ်ကျတယ်။ ဆီတိုင်ကီပြုတ်ကျတဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး” ဟု မီးလောင်မှုဖြစ်စဉ်တွင် ကူညီဆောင်ရွက်ပေးခဲ့သော အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌ ကိုဇွဲရဲနိုင်က ပြောကြားသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်ခံရသည့် ဆီပီပါများအားမည်သူ ပိုင်ဆိုင်ကြောင်းကိုမူ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းတွင် သိရသည်။