တောင်ပြိုလက်ဝဲရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ယခင်ထက် အဆင့်မြှင့်တင်ပြီး အမြင့်ပြုလုပ် ကာရံနေ

တောင်ပြိုလက်ဝဲရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ယခင်ထက် အဆင့်မြှင့်တင်ပြီး အမြင့်ပြုလုပ် ကာရံနေ
Published 27 December 2017

တောင်ပြိုလက်ဝဲရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို အဆင့်မြှင့်တင် ကာရံနေစဉ်

တောင်ပြိုလက်ဝဲရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ယခင်ထက် အဆင့်မြှင့်တင် အမြင့်ပြုလုပ် ကာရံနေကြောင်း၊ နယ်စပ်ခြံစည်းရိုးများအား အသစ်ကာရံခြင်း မဟုတ်သော်လည်း ယခင်ကာရံထားသည့် ခြံစည်းရိုးထက်တွင် သံဆူးကြိုးခွေများကို ထပ်မံဖြည့်စွက် ကာရံနေခြင်း ဖြစ်ကြောင်း သိရသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲသည့် တောင်ပြိုနယ်စပ်မှ နယ်စပ်ခြံစည်းရိုးကို ပြန်လည်ပြုပြင်ပြီးဖြစ်ကာ ယခင်ကာရံထားသည့် ခြံစည်းရိုးကို ပြန်လည်ပြုပြင်ကာ ယခင်ထက် အမြင့်တည်ဆောက် နေခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသ ခြံစည်းရိုး ကာရံရန်အတွက် ပစ္စည်းများ ပို့ဆောင်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်း ရိုးကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ စက်တင်ဘာ ၁၈ ရက် ညပိုင်းက ထုတ်ပြန်ကြေညာချက်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းအတွက် ၂၀၀၉-၂၀၁၀ ခုနှစ်မှ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ ဘဏ္ဍာနှစ်များအတွင်း နှစ်စဉ် မူလခန့်မှန်းခြေ ငွေစာရင်းနှင့် ဖြည့်စွက်ခွင့်ပြုငွေ စုစုပေါင်း ငွေကျပ် ဘီလျံ ၁၉၀ ကျော်ကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ကျပ်ခြောက်ဘီလျံကျော်ကို ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာနမှ ငွေအပ်လုပ်ငန်းအဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနသို့ အပ်နှံဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ထို့ပြင် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ်နှစ်ဘီလျံကျော်ကို ထပ်မံသုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကာလအတွင်း ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများ ချက်ချင်းဆောင်ရွက် နိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ကျပ်ဘီလျံ ၂၀ ကို နိုင်ငံတော်အစိုးရက လက်ငင်းဖြည့်ဆည်းပေး သွားမည် ဖြစ်ကြောင်းနှင့် နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းအား ယခင်ဆောင်ရွက်သည့်အတိုင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ရန်ပုံငွေ တင်ပြတောင်းခံ၍ ကာကွယ်ရေး ဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားစေမည် ဖြစ်ကြောင်း ပါရှိသည်။

ခြံစည်းရိုး တည်ဆောက်ပြီးစီးမှုမှာ ၁၄၁ ဒသမ ၃၇၈ မိုင်ဖြစ်ပြီး ခြံစည်းရိုးကာရံရန် ကျန်ရှိနေသည်မှာ ၃၉ ဒသမ  ၂၁၇ မိုင်ဖြစ်ကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သည် ကုန်းမြေထိစပ်မှု မိုင်ပေါင်း ၁၂၆ ဒသမ ၆၈ မိုင်ရှိပြီး ရေမြေထိစပ်မှု မိုင် ၃၉ ဒသမ ၈၂ မိုင်ရှိကြောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သော နယ်စပ်ခြံစည်းရိုး ကာရံရန်အတွက် တတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် အလှူရှင်များ လှူဒါန်းငွေ စုစုပေါင်း သိန်းပေါင်းနှစ်သောင်းကျော် ရရှိခဲ့ကြောင်း သိရသည်။