တရုတ်- မြန်မာချစ်ကြည်ရေးဖြင့် အကြီးစားမွမ်းမံမှုများပြုလုပ်ခဲ့သည့် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်

တရုတ်- မြန်မာချစ်ကြည်ရေးဖြင့် အကြီးစားမွမ်းမံမှုများပြုလုပ်ခဲ့သည့် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်
Published 24 December 2017

ဒီဇင်ဘာ၂၃ ရက်ကပြုလုပ်သည့် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

အကြီးစားပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည့် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်ညနေပိုင်းက အဆိုပါဆေးရုံတွင်ပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားရာတွင် “ကျွန်မတို့နိုင်ငံမှာဆိုရင် အခြေခံအားဖြင့် ဖွံ့ဖြိုးရေးအတွက်လိုတာဟာ ကျန်းမာရေးနဲ့ပညာရေးပါပဲ။ မကျန်းမာတဲ့နိုင်ငံသူ၊ နိုင်ငံသားတွေဟာ တိုင်းပြည်ကိုတိုးတက်အောင်၊ ဖွံ့ဖြိုးအောင်လို့လုပ်နိုင်မှာ မဟုတ်ပါဘူး။ ထို့အတူပဲ ပညာမတတ်တဲ့ နိုင်ငံသူ၊ နိုင်ငံသားများဟာလည်း တိုင်းပြည်ကိုတိုးတက်အောင်၊ ကြီးပွားအောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပညာမတတ်ဘူးလို့ ပြောတဲ့အခါမှာကျွန်မက ဘွဲ့မရဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဆင်ခြင်တုံတရားမရှိတာကို ဆိုလိုတာပါ။ ဒီဟာက အသိုင်းအဝိုင်းနဲ့ဆိုင်ပါတယ်။ ဒါက ကျောင်းနေတာနဲ့လည်းမဆိုင်ဘူး။ ကိုယ့်ရဲ့လူ့အသိုင်းအဝိုင်းနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်မစောစောကပြောခဲ့သလို ဆင်ခြင်တုံတရားဆိုတဲ့အထဲမှာ တစ်ဦးနဲ့တစ်ဦး မှန်မှန်ကန်ကန် ဆက်ဆံတာလည်းပါ,ပါတယ်။ ပြီးတော့ သူနာပြုဆရာမလေးတွေဟာ တစ်တိုင်းပြည်လုံးကနေ ရောက်လာပြီးတော့ သူတို့ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နေတာဟာ ကျွန်မတို့နိုင်ငံအတွက် ဒါပညာပဲလို့ ကျွန်မဒီလိုပဲမှတ်ယူပါတယ်။ ကျန်းမာရေးကုသတတ်တဲ့ ပညာတင်မဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာပညာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ အခုဆိုရင် တက္ကသိုလ်ပညာရေးစနစ်တို့၊ ကျောင်းပညာရေးစနစ်တို့က နှစ်ပေါင်းများစွာ အားနည်းခဲ့တာကြောင့်မို့ တချို့နိုင်ငံတွေပြောရမယ်ဆိုရင် နိုင်ငံတော်တော်များများနဲ့ ယှဉ်လိုက်လို့ရှိရင် နောက်ရောက်နေတဲ့ သဘောရှိပါတယ်။ ဒါတွေက ပြန်ပြီးပြင်လို့ရပါတယ်။ အဓိက,က စိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်။ ကျွန်မတို့ဟာ အားဖြည့်ရမယ်၊ အားရှိရမယ်။ ဝီရိယစိုက်ထုတ်ပြီးတော့ တိုးတက်အောင်လုပ်နိုင်တဲ့ အင်အားရှိရမယ်” ဟုပြောကြားသည်။

အဖွင့်အမှာစကား ပြောကြားပြီးနောက် ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီး၏ဇနီး Mrs. Wang Xue Hong က အမှာစကားပြောကြားခဲ့ပြီး သံအမတ်၏ဇနီးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ မြန်မာ-တရုတ် ချစ်ကြည်ရေးဆေးရုံအဖြစ် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ဆေးရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၏ဇနီးက ဆေးရုံရှိ ဒေါ်ခင်ကြည်ရုပ်ထုအား ဖွင့်လှစ်ပေးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို (၂) ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း ဗဟန်းအမျိုးသမီးဆေးရုံဝင်းအတွင်းရှိ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကြီးကို အကြီးစားပြင်ဆင်မွမ်းမံမှုများပြုလုပ်ခဲ့ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးဆေးရုံအဖြစ် ထားရှိမည်ဖြစ်ကြောင်း ၊ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အဆင့်မြှင့်တင် ပြင်ဆင်ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် Art Wave Group ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆေးရုံကို ၂၀၁၆ ခုနှစ် နိုဝင်ဘာကစတင်ပြုပြင်ခဲ့ပြီး လက်ရှိတွင် ခုတင် ၄၀ ဆံ့ဆေးရုံဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ရန်လည်း အစီအစဉ်ရှိကြောင်း သိရသည်။

Most Read

Most Recent