ဆရာ၊ ဆရာမများ ပြည်ပနိုင်ငံများသို့ သွားလာရာတွင် By Name ဖြင့် ဖိတ်ကြားချက်များအား ပညာရေးဝန်ကြီးဌာနက ခွင့်ပြုတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ဗဟိုချုပ်ကိုင်သော ပညာရေးစီမံခန့်ခွဲမှုကို ဦးတည်နေကြောင်းနှင့် အာဏာရှင်ဆန်ဆန် ပိတ်ပင်သော လုပ်ရပ်ဖြစ်၍ ပယ်ဖျက်ပေးရန် ထုတ်ပြန်

ဆရာ၊ ဆရာမများ ပြည်ပနိုင်ငံများသို့ သွားလာရာတွင် By Name ဖြင့် ဖိတ်ကြားချက်များအား ပညာရေးဝန်ကြီးဌာနက ခွင့်ပြုတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ဗဟိုချုပ်ကိုင်သော ပညာရေးစီမံခန့်ခွဲမှုကို ဦးတည်နေကြောင်းနှင့် အာဏာရှင်ဆန်ဆန် ပိတ်ပင်သော လုပ်ရပ်ဖြစ်၍ ပယ်ဖျက်ပေးရန် ထုတ်ပြန်
Published 23 December 2017

ပညာရေးကဏ္ဍရှိ ဆရာ၊ ဆရာမများ ပြည်ပနိုင်ငံများသို့ သွားလာရာတွင် By Name (အမည်တပ်ဖိတ်ကြားမှု) ဖြင့် ဖိတ်ကြားချက်များကို ပညာရေးဝန်ကြီးဌာနက ခွင့်ပြုတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ဗဟိုချုပ်ကိုင်သော ပညာရေးစီမံခန့် ခွဲမှုကို ဦးတည်နေကြောင်းနှင့် အာဏာရှင်ဆန်ဆန် ပိတ်ပင်သော လုပ်ရပ်ဖြစ်ကြောင်းင့် အဆိုပါထုတ်ပြန်ချက်ကို ပယ်ဖျက်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်နှင့် အခြေခံပညာပညာရေး လုပ်သားများသမဂ္ဂဖြစ်မြောက်ရေးကော်မတီ တို့က ထုတ်ပြန်ချက်နှစ်စောင်ကို ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ဝန်ကြီးရုံး၏ ညွှန်ကြားချက်ကို ပြန်လည်ရည်ညွှန်းလျက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးမှ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ ပြည်ပနိုင်ငံများသို့ သွားလာရေးတွင် အမည်တပ်ဖိတ်ကြားမှု By Name ဖြင့် ဖိတ်ကြားချက်များကို ဝန်ကြီးဌာနက ခွင့်ပြုတော့မည် မဟုတ်ဟု ကန့်သတ်ပိတ်ပင်ထားကြောင်း၊ ယင်းကန့်သတ်ချက်များကို လက်မခံနိုင်ကြောင်းနှင့် ယခုထုတ်ပြန်ချက်သည် ဗဟိုချုပ်ကိုင်သော ပညာရေးစီမံခန့်ခွဲမှုကို ဦးတည်နေကြောင်း တွေ့ရှိရပြီး အမျိုးသားပညာရေးဥပဒေတွင် အာမခံထားသည့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးသို့ သွားရောက်မည်ဟူသော လမ်းစဉ်များနှင့် လည်းကောင်း၊ စနစ်သစ် ပညာရေးတွင် ကျင့်သုံးရမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်စွာ စီမံခန့်ခွဲခွင့်များနှင့်လည်းကောင်း လုံး၀ သွေဖည်ဆန့်ကျင်လျက်ရှိပြီး ခေတ်နောက်ပြန်ဆွဲနေသည့် မူဝါဒတစ်ရပ်ဖြစ်နေကြောင်း အထူးစိတ်မကောင်းဖွယ် တွေ့ရှိရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်က ထုတ်ပြန်သည်။ ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၈ ပါ နိုင်ငံသားများကို “ရာထူးဌာနန္တရ၊ အဆင့်အတန်းအရ ခွဲခြားမှု မရှိစေရ”ဟူသော အချက်ကို သွေဖည်လျက် နိုင်ငံဝန်ထမ်းများဖြစ်သော ပညာရေးဝန်ထမ်းများကို အထူးကန့်သတ် ပိတ်ပင်မှုပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်နေသည်ဟု သုံးသပ်သည်။ အထူးသဖြင့် အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်သော ကြေညာချက်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၉ (က)၊ (င) နှင့် (စ) အရ နိုင်ငံသားတိုင်း တူညီသော အခွင့်အလမ်း ရရှိစေရမည်ဆိုသည့် အချက်များနှင့်လည်း ကိုက်ညီမှုမရှိကြောင်း တွေ့ရကြောင်းနှင့် အမည်တပ်ဖိတ်ကြားမှုကို ကန့်သတ်ရသည့် အကြောင်းပြချက်ကိုလည်း အဆိုပါထုတ်ပြန်ချက်တွင် ရှင်းလင်းထားခြင်း မရှိသည့်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှု ရှိရေးဆိုသောအချက်ကို မျက်ကွယ်ပြုရာ ရောက်နေကြောင်း ထုတ်ပြန်သည်။ ထို့ကြောင့် အဆိုပါ ထုတ်ပြန်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် ယင်းအဆင့်မြင့်ပညာဦးစီးဌာန၏ ကြေညာချက်ကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အမိန့်စာတစ်ရပ် ထပ်မံထုတ်ပြန်၍ လွှမ်းမိုးပယ်ဖျက်ပေးရန် အလေးအနက်ထုတ်ပြန် ကြေညာလိုက်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်က ဆိုသည်။

ထို့အတူ အခြေခံပညာရေး လုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင်လည်း အဆိုပါလုပ်ရပ်မှာ နိုင်ငံ၏ ပညာရေးအဆင့်အတန်း မြင့်မားရေးအတွက် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သည့် ပညာရေးလွတ်လပ်မှုကို အာဏာရှင်ဆန်ဆန် ပိတ်ပင်သည့်သဘော သက်ရောက်ရုံမက နိုင်ငံတကာရှိ ပညာရေးအဖွဲ့အစည်းများနှင့် လွတ်လပ်စွာတွေ့ဆုံနှီးနှော ဖလှယ်ခွင့်စံနှုန်းများကို ချိုးဖောက်ရာရောက်သည်ဟု ယုံကြည်ကြောင်းနှင့် ဝန်ကြီးဌာနတစ်ခု၊ ဦးစီးဌာနတစ်ခု၏ ဗဟိုချုပ်ကိုင်မှုသည် ဒီမိုကရေစီ စံနှုန်းများနှင့် သွေဖည်ရုံသာမက ဖွဲ့စည်းပုံ အခြေခံဥပဒေနိုင်ငံသား အခွင့်အရေးကဏ္ဍပါ ပုဒ်မ ၃၄၈ နှင့် ၃၄၉ (က)(င)(စ) ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာရောက်သည်ဟု ယူဆကြောင်းနှင့် အဆိုပါထုတ်ပြန်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ပြီး ယင်းကြေညာချက်ကို ခြွင်းချက်မရှိ ပြန်လည်ပယ်ဖျက်ပေးရန် အလေးအနက် တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။