ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသူများအနက် ဟိန္ဒူဘာသာဝင် ၄၀၀ ခန့်ကို စိစစ်လက်ခံနိုင်ရေး ဖြည့်သွင်းရမည့် ပုံစံများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောကြား

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသူများအနက် ဟိန္ဒူဘာသာဝင် ၄၀၀ ခန့်ကို စိစစ်လက်ခံနိုင်ရေး ဖြည့်သွင်းရမည့် ပုံစံများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောကြား
Published 23 December 2017

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသူများအနက် ပြန်လာလိုသည်ဟု ဆန္ဒပြုထားသော ဟိန္ဒူဘာသာဝင် ၄၀၀ ခန့်ကို စိစစ်လက်ခံနိုင်ရေးအတွက် ဖြည့်သွင်းရမည့် ပုံစံများကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်သော အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးအပြီးတွင် မီဒီယာများအား ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လာမယ့် ဇန်နဝါရီလမှာ ပြန်ပြီး လက်ခံသွားဖို့ ရှိပါတယ်။ လက်ခံမယ့် အစီအစဉ်ကတော့ ဒီကနေ ဖောင်တွေ ပို့ပြီးပြီ။ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့၊ ဒီကနေ ထွက်ပြေးသွားတဲ့ သူတွေက ပြန်လာချင်တယ်လို့ ဆန္ဒရှိတဲ့သူတွေက ဖောင်ပြန်ဖြည့်ပေးရမယ်။ ဖြည့်ပေးပြီး မြန်မာနိုင်ငံကို ပြန်ပို့ပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ စာရင်းဇယားနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဒီလူတွေက မြန်မာနိုင်ငံကလူတွေ မှန်တယ်၊ လက်ခံမယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ပို့လိုက်မှာ”ဟု ပြောကြားသည်။

ထို့သို့ စာရင်းဇယားဖြင့် တိုက်ဆိုင်စစ်ဆေးမှု မှန်ကန်သည်ဆိုပါက ဘင်္ဂလားဒေ့ရှ်မှ မြန်မာဘက်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး မြန်မာဘက်မှ တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းများတွင် စစ်ဆေးလက်ခံခြင်း၊ နေရပ်ပြန်ပို့ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာပြည်တွင် နေထိုင်ခဲ့သည်မှာ မှန်ကန်ကြောင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် ဖောင်ဖြည့်သွင်းထားသူ မည်မျှရှိသည်ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ စာရင်းမရရှိသေးသဖြင့် မသိရှိသေးကြောင်း ၎င်းက ပြောကြားသည်။

ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ၁၉၉၃ ခုနှစ် သဘောတူညီချက်အပေါ်တွင် အခြေခံ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ခဲ့သူဖြစ်ခြင်း၊ မိမိသဘောဖြင့် ပြန်လာလိုသူဖြစ်ခြင်း၊ နိုင်ငံ၏ တည်ဆဲဥပဒေနဲ့အညီ လိုက်နာနေထိုင်မည့်သူ ဖြစ်ခြင်း၊ တစ်ဖက်နိုင်ငံတွင် မွေးဖွားခဲ့ပါက သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်၏ ထောက်ခံချက်ရှိခြင်း စသည့်အချက်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့ပြီး နှစ်လတာကာလအတွင်း ပြန်လည်လက်ခံရေး လုပ်ငန်းများ စတင်ရမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်သို့ ပြန်လည်ရောက်လာပါက စိစစ်လက်ခံခြင်းနှင့် ပြန်လည် နေရာချထားခြင်းများအတွက် လိုအပ်သော အဆောက်အအုံ နေအိမ်များကို တည်ဆောက်နေပြီး ဇန်နဝါရီလကုန်ပိုင်းတွင် ပြန်လည်လက်ခံနိုင်ရန် အဆင်သင့်ဖြစ်မည် ဖြစ်ကြောင်းလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ထို့ပြင် မိမိနေရပ်သို့ ပြန်လည် ရောက်ရှိလာပါကလည်း ၎င်းတို့၏ လုံခြုံရေးအတွက် နေရာဒေသအလိုက် ရဲအင်အားတိုးမြှင့်ခြင်း၊ လုံခြုံရေးစနစ် တိုးမြှင့်ခြင်းတို့ကိုလည်း ဆောင်ရွက်ထားကြောင်း ၎င်းက ပြောကြားသည်။