လမ်း၊ တံတား၊ လျှပ်စစ်၊ ကျောင်း၊ ရုံး စသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးအပိုင်းတွင် အစိုးရတင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား အာမခံပစ္စည်းမယူဘဲ အတိုး ၁၃ ရာခိုင်နှုန်းဖြင့် CHD ဘဏ်က ချေးငွေထုတ်ချေးမည်

လမ်း၊ တံတား၊ လျှပ်စစ်၊ ကျောင်း၊ ရုံး စသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးအပိုင်းတွင် အစိုးရတင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား အာမခံပစ္စည်းမယူဘဲ အတိုး ၁၃ ရာခိုင်နှုန်းဖြင့် CHD ဘဏ်က ချေးငွေထုတ်ချေးမည်
Published 23 December 2017

ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

လမ်း၊ တံတား၊ လျှပ်စစ်၊ ကျောင်း၊ ရုံးများ စသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးအပိုင်းများတွင် အစိုးရ တင်ဒါအောင်မြင်ထားသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား အာမခံပစ္စည်းမယူဘဲ အတိုး ၁၃ ရာခိုင်နှုန်းဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) က ချေးငွေထုတ်ချေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဆောက်လုပ်ရေးတင်ဒါချေးငွေ လျှောက်ထားရာတွင် လိုအပ်ချက်များမှာ ကုမ္ပဏီ Letter Head ဖြင့် ချေးငွေလျှောက်လွှာ (ဒါရိုက်တာအဖွဲ့က တာဝန်ပေးထားသည့် ကုမ္ပဏီအကြီးအကဲနှင့် ဒါရိုက်တာတစ်ဦး လက်မှတ်ရေးထိုးရန်နှင့် ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ)၊ သက်တမ်းရှိကုမ္ပဏီ မှတ်ပုံတင်လက်မှတ်၊ Form (6, 26, E)၊ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်း၊ တင်ဒါချေးငွေရယူရန်နှင့် ငွေထုတ်သူအရာရှိအဖြစ် တာဝန်ပေးအပ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း၊ တင်ဒါလုပ်ငန်းအပ်နှံသည့်စာ (Work Order) မိတ္တူ (မူရင်းပူးတွဲတင်ပြရန်)၊ တင်ဒါလုပ်ငန်းအပ်နှံသူနှင့် တရားဝင်ချုပ်ဆိုထားသော လုပ်ငန်းသဘောတူစာချုပ်မိတ္တူ (မူရင်း ပူးတွဲတင်ပြရန်)၊ CHDB မှထုတ်ပေးထားသော Performance Guarantee မိတ္တူ၊ (မူရင်းပူးတွဲတင်ပြရန်)၊ တိုင်းဒေသကြီး/ ပြည်နယ် MCEA အသင်းဝင်လက်မှတ်မိတ္တူ (မူရင်းပူးတွဲတင်ပြရန်) တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ လုပ်ငန်းအပ်နှံသူသက်ဆိုင်ရာဦးစီးဌာန၏ လုပ်ငန်းအတွက်ပေးချေငွေများကို သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ စာရင်းရှင်စာရင်းသို့ ပေးသွင်းဖြစ်ကြောင်း ထောက်ခံစာနှင့်အတူ လုပ်ငန်းအပ်နှံသူ သက်ဆိုင်ရာဦးစီးဌာန၏ အကြီးအကဲလက်မှတ်ရေးထိုးထားသည့် L-25 Guarantee Form၊ တင်ဒါဆောက်လုပ်ရေးလုပ်ငန်းအနည်းဆုံး ၁၀ ရာခိုင်နှုန်း ပြီးစီးနေရမည်ဖြစ်ပြီး လက်ရှိလုပ်ငန်း ပြီးစီးမှုမှတ်တမ်းဓာတ်ပုံများနှင့်အတူ ပြီးစီးမှုအပေါ် လုပ်ငန်းအပ်နှံသူ သက်ဆိုင်ရာဦးစီးဌာန၏ ထောက်ခံချက်၊ တင်ဒါချေးငွေရရှိပါက သြဒီမန်စာချုပ် (Promissory Note-Pronote) တွင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ချေးငွေရယူပါက ဇနီးနှင့် ခင်ပွန်း ပူးတွဲလက်မှတ်ရေးထိုးရန်၊ အိမ်ထောင်မရှိသူဖြစ်ပါက ဥပဒေအရ အမွေဆက်ခံပိုင်ခွင့်တစ်ဦးတို့ ပူးတွဲလက်မှတ်ထိုးရန်၊ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ တာဝန်ပေးအပ်သော ဒါရိုက်တာအဖွဲ့ဝင် ကိုယ်စားလှယ်နှစ်ဦး လက်မှတ်ရေးထိုးရန် သတ်မှတ်ထားသည်။

အဆိုပါ ထုတ်ချေးမည့်ချေးငွေအတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်းဖြစ်ပြီး ကျသင့်အတိုးငွေများအား ဘဏ်မှချမှတ်ထားသည့်မူအရ သတ်မှတ်ကာလတွင် မပျက်မကွက်ပေးသွင်းရမည်ဖြစ်ပြီး ချေးငွေသက်တမ်းမှာ တင်ဒါလုပ်ငန်းစာချုပ်ပါသတ်မှတ်ချက်နှင့် သက်တမ်းအရဖြစ်သည်။ ချေးငွေများကို တင်ဒါအောင်မြင်သည့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ အနီးစပ်ဆုံးဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် CHDB ဘဏ်ခွဲများတွင် စာရင်းရှင်စာရင်းဖွင့်လှစ်ပြီး လျှောက်ထားရန်ဖြစ်ကြောင်း သိရသည်။