ချင်းပြည်နယ်တောင်ပိုင်း ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်သို့ လာရောက်လည်ပတ်သူများလာပြီး အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းနှင့် တောင်ဇလပ်ပန်း အလွန်အကျွံခူးခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမည်ကို စိုးရိမ်နေ

ချင်းပြည်နယ်တောင်ပိုင်း ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်သို့ လာရောက်လည်ပတ်သူများလာပြီး အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းနှင့် တောင်ဇလပ်ပန်း အလွန်အကျွံခူးခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမည်ကို စိုးရိမ်နေ
Published 22 December 2017

ခေါနူးစုမ်တောင်တွင် စွန့်ပစ်ထားသည့် အမှိုက်များ၊ သစ်ပင်များတွင် တွယ်ငြိနေသည့် အမှိုက်များအား ယခု ဒီဇင်ဘာလလယ်ပိုင်းက မြင်တွေ့ရစဉ် (ဓာတ်ပုံ - ဆလိုင်းမာန်ဟုန်း )

ချင်းပြည်နယ်တောင်ပိုင်း ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်သို့ လာရောက်လည် ပတ်သူများပြားလာပြီး အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းနှင့် တောင်ဇလပ်ပန်း အလွန်အကျွံ့ခူးခြင်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်နှစ်များက ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်သို့ လာရောက်လည်ပတ်သူ အနည်းငယ်သာရှိသော်လည်း ယခု၂၀၁၇ နှစ် ပွင့်လင်းရာသီတွင် လာရောက်လည်ပတ်သူ များပြားလာပြီး အချို့သော ရက်များတွင် တောင်တက်သူရာနှင့်ချီရှိကြောင်း ဒေသခံများထံ သိရသည်။

တောင်ထိပ်သို့ လာရောက်လည်ပတ်သူများမှ ပုလင်းခွံများ၊ ဖော့ဘူးခွံများ ၊ သံဘူးခွံများအား နေရာအနှံ့တွင် စွန့်ပစ်ခြင်း ၊ သံဆန်ခါတပ် အမှိုက်ခြင်းတွင် အမှိုက်များ ပြည့်လျှံပြီး တောင်ပေါ်လေကြောင့် နေရာအနှံ့သို့ အမှိုက်များ ပျံ့နှံခြင်းများနှင့် တောင်ဇလပ်ပန်းများအား အလွန်အကျွံခူးခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“တောင်ဇလပ်ပင်က နှစ်ရှည်ပင် စိုက်ပျိုးရခက်တဲ့ အပင်ပါ။ ကျွန်တော်တို့ စိုက်လို့လည်း ရှင်ချင်မှရှင်တာ။ ရှင်ဖို့လည်း မလွယ်ဘူး။ ပွင့်လာတဲ့ ပန်းတွေကနေတစ်ဆင့် ဝတ်မှုံကူးပြီး သဘာဝအတိုင်း အပင်ပေါက်တာ။ အခု တောင်ပေါ်မှာ လာလည်တဲ့သူတွေ များလာတယ်။ တချို့က ပန်းတင်ခူးတာမဟုတ်ဘူး အကိုင်းကနေကို ချိုးခူးကြပြီး ဓာတ်ပုံရိုက်ကြတာ။ ရေရှည်မှာ ဒါကိုမတားမြစ်ဘူးဆိုရင် တောင်ဇလပ်ပင်တွေ နည်းသွားမယ်။ ဒါကြောင့် ပန်းမခူးဖို့နဲ့ အကိုင်းတွေ မချိုးဖို့ သတိပေးပိုစတာတွေ ကပ်မယ်။ အမှိုက်တွေကို တောင်အောက်သယ်မယ်။ တောင်အောက်ရောက်မှ မီးရှို့မယ်။ မီးရှို့မရတဲ့ အမှိုက်တွေတော့ ကန်ပလပ်ထိ ယူသွားပြီးမှ စွန့်ပစ်မယ်” ဟု ဒီဇင်ဘာ ၂၃ရက်တွင် ခေါနူးစုမ်တောင်ထိပ်သို့ တက်ရောက်၍ အမှိုက်ခြင်းများ ဆောင်ရွက်မည့် ဆလိုင်းမာန်ဟုန်းက ဆိုသည်။

မင်းတပ်နှင့် ကန်ပလပ်မြို့များမှ လူငယ်များစုပေါင်းပြီး ယခု ဒီဇင်ဘာ ၂၃ရက်တွင် ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်၌ အမှိုက်ကောက်ခြင်း၊ အမှိုက်များစည်းကမ်းမဲ့ မစွန့်ပစ်ရန်နှင့် တောင်ဇလပ်ပန်းမခူးရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ နှစ်တိုင်းအမှိုက်သွားကောက်တယ်။ နွေဆိုရင်လည်း တောမီးလောင်ရင် တောင်မကြီး မကူးအောင် မီးတားလမ်းတွေ သွားဖောက်တယ်။ အဓိကကတော့ ခေါနူးစုမ်တောင် သန့်ရှင်းသာယာလှပဖို့ပါပဲ။ ခရီးသွားများရင် အမှိုက်ကများလာတာပဲ။ တောင်ထိပ်မှာ စားသောက်ပြီး ကျန်တဲ့အမှိုက်တွေကို တောင်ထိပ်မှာ မထားခဲ့ဘဲ တောင်အောက်ကို ပြန်ယူလာရင်တော့ အကောင်းဆုံးပဲ” ဟု နှစ်စဉ် ခေါနူးစုမ်တောင်ထိပ်သို့ အမှိုက်သွားရောက်ရှင်းလင်းသည့် ဆလိုင်းရှယ်အောင်က ပြောကြားသည်။

ခေါနူးစုမ်တောင် တည်ရှိသည့် နတ်မတောင်အမျိုးသားဥယျာဉ်အတွင်း ရှားပါးငှက်မျိုးစိတ် အများအပြား နေထိုင်ကျက်စားလျက် ရှိပြီး ကမ္ဘာတွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မျက်ခုံးမွေးဖြူငှက်ပြာခြောက် ငှက်မျိုးစိတ်နေထိုင်ကျက်စားကြောင်း သိရသည်။

ကန်ပလပ်၊ မတူပီနှင့် မင်းတပ်မြို့နယ်အတွင်း ကျရောက်သည့် နတ်မတောင်အမျိုးသားဥယျာဉ်မှာ ၁၉၃၆ ခုနှစ်တွင် ဘောလီမိုးကြိုးဝိုင်း၊ ၂၀၁၀ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် အတည်ပြုဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

ခေါနူးစုမ်တောင်ထိပ်၏ အမြင့်ဆုံး ပေ ၁၀၇၀၀ သို့  ကားလမ်းဖောက်ထားသော်လည်း သဘာဝအခြေခံခရီးသွားလာမှု မပျောက်ပျက်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန်အတွက် ကားများဖြင့် တောင်ထိပ်သို့ တက်ရောက်ခွင့် တားမြစ်ထားကြောင်း သိရသည်။