ဗဟိုချုပ်ကိုင်မှုလျှော့ချ၍ ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အသိအမှတ်ပြုရန်နှင့် အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရန် အပါအဝင် အချက်ရှစ်ချက် NNER တိုက်တွန်း

ဗဟိုချုပ်ကိုင်မှုလျှော့ချ၍ ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အသိအမှတ်ပြုရန်နှင့် အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရန် အပါအဝင် အချက်ရှစ်ချက် NNER တိုက်တွန်း
Published 20 December 2017

ဗဟိုချုပ်ကိုင်မှု လျှော့ချ၍ ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အသိအမှတ်ပြုရန်နှင့် အမျိုးသား ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရန် အချက်များ အပါအဝင် အချက်ရှစ်ချက်အား တိုက်တွန်းနှိုးဆော်ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်  (NNER) ၏ ထားဝယ်မြို့၌ ပြုလုပ်သည့် ခြောက်လပတ် အစည်းအဝေး ကြေညာချက်တွင် ဖော်ပြထားသည်။

NNER သည် ‘ပညာရေးလွတ်လပ်ခွင့်နှင့် ရေရှည်တည်တံ့သော ဖွံဖြိုးရေး’ ခေါင်းစဉ်ဖြင့် ပြည်နယ်တိုင်း အလုပ်အဖွဲ့များ၏ ခြောက်လပတ် အစည်းအဝေး တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ရေနန်းတောင် ကျောင်းတိုက်၌  ၂၀၁၇ ဒီဇင်ဘာ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ၊ မသန်စွမ်း ပညာရေး အဖွဲ့များ၊ တိုင်းရင်းသား အခြေပြုပညာရေး အဖွဲ့များ၊ ဘာသာရေးအခြေပြု ပညာရေးအဖွဲ့များ အပါအဝင် အရပ်ဘက် ပညာရေးအဖွဲ့ပေါင်း ၆၉ ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့အစိုးရ အနေဖြင့် ပြည်သူလူထု လိုလားတောင့်တသည့် ပညာရေးပြုပြင် ပြောင်းလဲမှု ဖြစ်ပေါ်လာစေရန်အတွက် အဆိုပါ အချက် ရှစ်ချက်အတိုင်း ဆောင်ရွက်ပေးရန် NNER က တိုက်တွန်းနှိုးဆော်ခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်သော  အစည်းအဝေး ကြေညာချက်တွင် ပါရှိသည်။

၎င်းအချက်များမှာ (၁) တိုင်းရင်းသား အခြေပြု ပညာရေး အစီအစဉ်များကို တရားဝင် အသိအမှတ်ပြုရန်၊ (၂) ဗဟိုချုပ်ကိုင်မှု လျှော့ချ၍ ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုရန်၊ (၃) အရည်အသွေး ရှိသော ပညာရေးကို ကလေးတိုင်း အခွင့်အရေး သာတူညီမျှရရှိမည့် အစီအစဉ်များကို ထိရောက်စွာ အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ (၄) ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအတွက် ပညာရေး ရည်မှန်းချက်များ (SDG4) ကို မှန်ကန်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (၅) လက်ရှိ အမျိုးသား ပညာရေးဥပဒေနှင့် စီမံအုပ်ချုပ်မှု စနစ်တို့ကို ပြုပြင်ပြောင်းလဲရန်၊ (၆) တက္ကသိုလ်ပဋိညာဉ် ရေးဆွဲခြင်း အပါအဝင် ပညာရေး မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲခြင်း စသည့် ပညာရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ အပါအဝင် ပညာရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရှိပြီး ထိုသူများ၏ သဘောထားအမြင်များ၊ အကြံဉာဏ်များကို ထည့်သွင်းစဉ်းစားရန်၊ (၇) ကျောင်း သားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိရန်၊ (၈) ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ပညာရေး လွတ်လပ်ခွင့်ကို အာမခံရန်နှင့် အရည်အသွေး မြင့်မားအောင် ဆောင်ရွက်ရန်တို့ ဖြစ်သည်။

ထို့ပြင် အစည်းအဝေး ကြေညာချက်၌  လက်ရှိအခြေအနေတွင် အဆိုပါ ဒီမိုကရေစီ နိုင်ငံရေးဖြစ်စဉ်များမှာ လွန်စွာအားနည်းနေသည့်အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး အင်အားစုများကို ခွဲခြားဖယ်ကြဉ်ဖိနှိပ်သည့် နိုင်ငံရေး အခြေအနေများ လွှမ်းမိုးနေသည့်အတွက် NNER အနေဖြင့် အထူးစိုးရိမ်ပူပန် လျက်ရှိပြီး ဗဟိုချုပ်ကိုင်မှု လွန်ကဲသည့် အမျိုးသားပညာရေး ဥပဒေနှင့် ပွင့်လင်းမြင်သာမှု နည်းပါးပြီး အရည်အသွေး နိမ့်ကျသော ပညာရေးကဏ္ဍ စီမံအုပ်ချုပ်မှုကို ပြုပြင်ပြောင်းလဲရန် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

တိုင်းရင်းသား အခြေပြု ပညာရေးအဖွဲ့များသည် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို ဦးတည်ကာ၊ အရည်အသွေးရှိသော ပညာရေးကို ကလေးများအားလုံး သင်ယူနိုင်ရေးအတွက် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံပညာရေး (မိခင်ဘာသာစကား၊ နိုင်ငံသုံးဘာသာစကား၊ နိုင်ငံတကာသုံး ဘာသာစကား) ကို အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ထိုဖက်ဒရယ ်ဒီမိုကရေစီ ပညာရေးကို ဦးတည်သော တိုင်းရင်းသား အခြေပြု ပညာရေး အစီအစဉ်များကို တရားဝင် အသိအမှတ်ပြုခြင်းသည် လက်ရှိအခြေအနေအတွက် အလိုအပ်ဆုံးနှင့် အထိရောက်ဆုံး ငြိမ်းချမ်းရေး ဆောင်ရွက်ခြင်း ဖြစ်သည်ဟု NNER မှယုံကြည်ကြောင်း ကြေညာချက်တွင် ပါရှိသည်။