Eleven Media Group မှ သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု တစ်နှစ်ကျော်သည်အထိ အမှုမှန်မပေါ်ပေါက်သေးသည့်အတွက် အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရန် မိသားစုဝင်များက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ စာတင်ပြတောင်းဆို

Eleven Media Group မှ သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု တစ်နှစ်ကျော်သည်အထိ အမှုမှန်မပေါ်ပေါက်သေးသည့်အတွက် အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရန် မိသားစုဝင်များက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ စာတင်ပြတောင်းဆို
Published 17 December 2017

EMG ၏ မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း တစ်နှစ်ပြည့်အထိမ်းအမှတ်ကို ဒီဇင်ဘာ ၁၃ ရက်က မုံရွာမြို့တွင်ပြုလုပ်ခဲ့ပြီး မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များက ‘မတရားမှု အလိုမရှိ’ စာသားကို ဆီမီးဖြင့်ပုံဖော်ရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

Eleven Media Group ၏ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရသည်မှာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်သော်လည်း အမှုမှန်မပေါ်ပေါက်သေးသဖြင့် အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရန်အတွက် ၎င်း၏မိသားစုဝင်များနှင့် ဇနီးဖြစ်သူက ဒီဇင်ဘာ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံ စာတင်ပြတောင်းဆိုထားကြောင်း သိရသည်။

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရသည်မှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တစ်နှစ်ပြည့်ခဲ့သော်လည်း အမှုမှန်ပေါ်ပေါက်ခြင်းမရှိသေးသည့်အပြင် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် အမှုမှာ ထူးခြားမှုမရှိသဖြင့် မိသားစုဝင်များက အမှုမှန်မပေါ်ပေါက်မည်ကို အထူးစိုးရိမ်နေကြောင်း၊ အမှုမှန် အမြန်ဆုံးဖော်ထုတ်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် ကူညီဆောင်ရွက်ပေးပါရန် အလေးအနက်ထား အသနားခံတင်ပြတောင်းဆိုအပ်ပါသည်ဟု အစရှိသဖြင့် ကိုစိုးမိုးထွန်း၏မိသားစုဝင်များက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ စာတင်ပြတောင်းဆိုထားကြောင်း သိရသည်။

ကွယ်လွန်ခြင်းတစ်နှစ်ပြည့်တွင် မိသားစုဝင်များ ငိုကြွေးနေစဉ်

“ကျွန်မရဲ့အမျိုးသား လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာက တစ်နှစ်ပြည့်ခဲ့ပေမယ့် အမှုမှန်ကမပေါ်ပေါက်သေးပါဘူး။ တစ်နှစ်ပြည့်တဲ့နေ့ကလည်း သူ့အတွက်ရည်စူးပြီး ဆွမ်းကပ်အမျှဝေခဲ့သလို သူ့ရဲ့လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေနဲ့ မိတ်ဆွေတွေစုပေါင်းပြီး အမှုမှန်အမြန်ဆုံးပေါ်ပေါက်ဖို့အတွက် ကျွန်မတို့မိသားစုဝင်တွေနဲ့အတူ မုံရွာမြို့ကျောက်တိုင်ကွင်းမှာ စုဝေးတောင်းဆိုတာတွေလည်း လုပ်ဆောင်ထားပြီးပါပြီ။ အခု မိသားစုဝင်တွေအနေနဲ့ အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဆီကို စာတင်ပြတောင်းဆိုရခြင်းဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်ပဲ ဒီဇင်ဘာ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကို သွားရောက်ပြီးတော့ စာသွားတင်ခဲ့တာပါ။ ဒါပေမဲ့ ဝန်ကြီးချုပ်က ခရီးထွက်နေတဲ့အတွက် ရုံးဝန်ထမ်းကနေတစ်ဆင့် ပေးပို့ထားခဲ့တာပါ။ ကိုစိုးမိုးထွန်းအမှုကို အမြန်ဆုံးဖော်ထုတ်ပေးကြပါလို့ ထပ်မံတောင်းဆိုချင်ပါတယ်” ဟု သတင်းထောက် ကိုစိုးမိုးထွန်း၏ဇနီး မခင်ချိုလတ်က ပြောကြားသည်။

EMG သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် မုံရွာခရိုင်ရဲတပ်ဖွဲ့က အထူးအမှုစစ်အဖွဲ့ဖွဲ့စည်း၍ အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေရန် သတင်းစုံစမ်းထောက်လှမ်းခြင်း၊ စစ်ကြောရေးအဖွဲ့များနှင့် စစ်ဆေးခြင်း အစရှိသည့် ဆောင်ရွက်ချက်များ ဆောင်ရွက်ခဲ့သော်လည်း အဆိုပါအထူးအမှုစစ်အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်အချို့ ရာထူးအပြောင်းအရွှေ့ဖြင့် ပြောင်းရွှေ့သွားပြီးနောက်တွင် အမှုမှာ ထူးခြားမှုမရှိတော့ကြောင်း မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်သတင်းထောက်များ၊ မြို့ခံများက ဝေဖန်လျက်ရှိနေသည်။

ထို့ပြင် သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က အမှုနှင့်ပတ်သက်ဆက်စပ်မှုရှိနိုင်သည့် မုံရွာမြို့ပေါ်ရှိ KTV ဆိုင်ရှင်အချို့နှင့် ဆိုင်ဝန်ထမ်းများ၊ သစ်လုပ်ငန်းမှ လုပ်ငန်းရှင်အချို့နှင့် ဝန်ထမ်းအချို့တို့ ကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့ခေါ်ယူစစ်ဆေးမေးမြန်းခဲ့သော်လည်း လက်ရှိအချိန်အထိ အဓိကကျုးလွန်ခဲ့သည့် တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု တစ်နှစ်ပြည့်အောက်မေ့ဖွယ် အထိမ်းအမှတ်နှင့် အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆိုမှုကို ဒီဇင်ဘာ ၁၃ ရက်က မုံရွာမြို့တွင် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်များ၊ မြို့ခံများက စုပေါင်းပြုလုပ်ခဲ့ကြသည်။ အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားတွင် သေဆုံးသူ ကိုစိုးမိုးထွန်း၏မိသားစုဝင်များက အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြပြီး လုပ်ဖော်ကိုင်ဖက်သတင်းထောက်များကလည်း အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

Eleven Media Group ၏ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်းမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၂ နာရီ မိနစ် ၂၀ တွင် မုံရွာမြို အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စုလမ်းနံဘေးတွင် ဦးခေါင်းထိပ်ကွဲပြဲဒဏ်ရာနှစ်ချက်၊ ဝဲမျက်ခုံးကွဲပြဲဒဏ်ရာတစ်ချက်၊ မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ထိုဖြစ်စဉ်ကို အမှုကြီး (လူသတ်မှု) အမှတ်စဉ် ၁၀/၂၀၁၆ (ပ) ၁၅၆၄/ ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် မုံရွာမြို့မရဲစခန်းတွင် အမှုဖွင့်၍စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်းထောက်ကိုစိုးမိုးထွန်းမှာ မုံရွာမြို့ပေါ်နှင့် အနီးဝန်းကျင်၌ ဖြစ်ပျက်လျက်ရှိသည့် သတင်းဖြစ်စဉ်များ၊ သစ်မှောင်ခိုသတင်းများ၊ မူးယစ်ဆေးဝါးသတင်းများ၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသတင်းများ၊ အစရှိသည့် ဒေသတွင်းဖြစ်စဉ်များကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် သတင်းထောက်တစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်ညက လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် သတင်းထောက်ကိုစိုးမိုးထွန်းမှာ သတင်းကိစ္စရပ်တစ်ခုအား စုံစမ်းမှုပြုလုပ်နေစဉ်အတွင်း လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း မြို့ခံသတင်းသမားအချို့နှင့် ယင်း၏မိတ်ဆွေများထံမှ စုံစမ်းသိရှိရသည်။

Eleven Media Group ၏ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ကိုစိုးမိုးထွန်း၏နေအိမ်သို့ ရောက်ရှိလာပြီး အားပေးစကားပြောကြားခြင်း၊ နာရေးကူငွေထည့်ခြင်းများပြုလုပ်ခဲ့သည်။ ထိုသို့လာရောက်ရာတွင် သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုအား အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရန်အတွက် ညွှန်ကြားမှုများပြုလုပ်ထားကြောင်း၊ ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်မှုများကို လုံးဝလက်ခံမည်မဟုတ်ကြောင်း၊ သတင်းထောက် ကိုစိုးမိုးထွန်းမှာ တာဝန်ကျေပွန်ခဲ့သည့် သတင်းထောက်ကောင်းတစ်ဦးဖြစ်ကြောင်း မိသားစုဝင်များကို အားပေးစကားပြောကြားခဲ့သည်။

ထို့ပြင် မုံ့ရွာမြို့မရဲစခန်းမှူးအား အမှုနှင့်ပတ်သက်၍ အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေလိုကြောင်း၊ လူသတ်မှုတွင် နောက်ကွယ်မှကြိုးကိုင်စေခိုင်းခဲ့သူများကိုပါ ရဲတပ်ဖွဲ့အနေဖြင့် ရဲရဲဝံ့ဝံ့ဖော်ထုတ်ဖမ်းဆီးပေးရန်လိုအပ်ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်ပါက လိုအပ်လျှင် မိမိကပါ ရပ်တည်ပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားထားသည်။
ဌေးလှအောင်