လောင်းကစား ဥပဒေများကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းနေကြောင်း တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လောင်းကစား ဥပဒေများကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းနေကြောင်း တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 17 December 2017

လောင်းကစား ဥပဒေများကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းနေကြောင်း တာချီလိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ပြောကြားသည်။

နယ်စပ်ဒေသဖြစ်သော တာချီလိတ်မြို့တွင် ကာစီနိုလောင်းကစား ပျော်ပွဲစားရုံကြီးများ၊ ဂိမ်းခုံများစွာရှိပြီး အဆိုပါ လောင်းကစားနှင့် ပတ်သက်သော ဥပဒေများကို ဒေသနှင့် ကိုက်ညီသော ဥပဒေတစ်ခု ထွက်ပေါ်လာပြီး လောင်းကစားမှ နိုင်ငံတော်အတွက် အခွန် အခများစွာရရှိအောင် ဆောင်ရွက်နိုင်ရန် ပြင်ဆင် ကြိုးပမ်းနေကြောင်း တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဦးခင်မောင်တင့်က ပြောကြားသည်။

တာချီလိတ်မြို့ပေါ်တွင် ဂေါက်ကွင်းအနီး ရယ်ဂျီးနား-ကာစီနိုကွင်းတစ်ခု၊ ဟိုတယ်များ၊ မိုတယ်များတွင်လည်း ငါးမန်းဂိမ်း ကစားနည်းများကို တစ်မြို့လုံးတွင် မှိုလိုပေါက်နေသည်ကို မြင်တွေ့ရပြီး နေရာတိုင်းတွင် ဆေးရေစိမ်-အနှိပ်ခန်း၊ ဇိမ်ခန်း၊ ကာရာအိုကေနှင့် ငါးမန်းဂိမ်းများ ပေါများနေသည်ကို မြင်တွေ့ရသည်။

“အပိုင်းနှစ်ပိုင်း ခွဲပြောရမယ်၊ ကာစီနိုတွေ ဘာတွေကိုလည်း နိုင်ငံတော်ကို အကြံပြုထားပါတယ်။ ဒီတစ်ပတ်သွားတဲ့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှာလုပ်တဲ့ အစည်းအဝေးတစ်ခုပေါ့။ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ အခွန်အခတွေ ဘယ်လိုရအောင် လုပ်မလဲပေါ့။ မတူတာက ဂိမ်းနဲ့ ကာစီနိုပေါ့။ ကာစီနိုက နိုင်ငံခြားက လာဆော့တာရှိတယ်။ တကယ်ဆော့နိုင်တဲ့ အင်အားရှိတဲ့ သူဌေးကြီးတွေ ဆော့တာရှိတယ်။ နယ်စပ်ဒေသ ဖြစ်တဲ့အတွက် ဒါလိုအပ်ပါတယ်။ အခွန်အခရဖို့လိုအပ်ပါတယ်။ ဂိမ်းခုံတွေပဲ ပြဿနာဖြစ်နေ တာ။ ဂိမ်းခုံမှာ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ ရှူရှိုက်တာတွေပေါ့။ ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တော့ ထဲထဲဝင်ဝင် ကန့်ကွက်ခဲ့တာရှိပါတယ်။ အဲဒီမှာ ရောနေတာက ရိုးရာ ကစားနည်းတွေပဲပေါ့။ ရောယှက်ပြီးတော့ လောင်းကစားလို့ မြင်နေတာ တော်တော်လေး ဆိုးရွားပါတယ်။ ရှမ်းပြည်နယ်မှာရှိတဲ့ သူ့ရဲ့ရိုးရာဓလေ့တွေလည်း တိုင်းရင်းသား အရေးမှာပါတဲ့ ဒါကိုလည်း တော်တော်လေး စဉ်းစားပေးရပါ့မယ်။ ဥပဒေကတော့ လောင်းကစားဆိုရင် မည်သည့်အရာအဖြစ် အရေးယူရမယ်လို့ပါပေမယ့်။ တချို့ဒေသနဲ့ မကိုက်ညီဖြစ်နေတဲ့ လောင်းကစား ဥပဒေတွေလည်း ရှိပါတယ်။ ဒါတွေကိုလည်း သေချာ ပြင်ဆင်ဖို့ လုပ်နေပါတယ်” ဟု တာချီလိတ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောကြားသည်။

ဆက်လက်၍ ရဲလက်စွဲဥပဒေ ရဲအင်များနှင့် ရဲဥပဒေ၊ လက်နက်ဥပဒေများတွင်လည်း ဒေသနှင့်မကိုက်ညီ၊ ခေတ်စနစ်နှင့် မကိုက်ညီသော ဥပဒေပုဒ်မများကိုလည်း ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

“ရဲမှာရှိတဲ့ ရဲအက်တွေပေါ့။ ရဲတာဝန် ဝတ္တရားတွေမှာ တချို့ဥပဒေတွေမှာ ကျွန်တော်တို့ မြို့ပေါ် မစိုးမိုးဘူး ဖြစ်နေတယ်။ လက်နက်ဆိုရင် လက်နက် ဥပဒေတစ်ခုတည်းနဲ့ မတွက်ဘူး။ ရှမ်းလက်နက်ဥပဒေနဲ့ တွက်တယ်။ ဒါက တော်တော်လေး ဆိုးတယ်။ ရဲဆိုရင် ရဲ  ၅၄ ဆိုလည်း တာချီလိတ်နဲ့ ကျိုင်းတုံမှာ မတည်ဘူး။ ဒါပေမဲ့ လွယ်မွေဆိုတဲ့ရွာမှာ သွားတည်တယ်။ ဆိုတော့ ရဲတွေလည်း အလုပ်လုပ်ရာမှာ ခက်နေတာပေါ့။ ဒါတွေ ပြင်ဆင်ဖို့ လိုပါတယ်။ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေလည်း ပြင်ဖို့လိုပါတယ်။ ဒီဥပဒေ ရှိနေသရွေ့ သူလုပ်ရမယ့် တာဝန်နဲ့ ဝတ္တရားကို မလုပ်ဘဲနဲ့ အမိန့်အာဏာကို ကြောက်နေရတဲ့အတွက် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေကိုလည်း ပြင်ဖို့ လိုပါတယ်” ဟု တာချီလိတ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင် မောင်တင့်က ပြောကြားသည်။

တာချီလိတ်မြို့တွင် မြို့ပေါ် (၁၁) ရပ် ကွက်၊ တာလေမြို့တွင် (၄) ရပ်ကွက်၊ ကျိုင်းလတ်တွင် (၄) ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ခုနစ်အုပ်စုရှိကာ လူဦးရေပေါင်း သုံးသိန်းကျော် မှီတင်းနေထိုင်ကြကြောင်း သိရသည်။

Most Read

Most Recent