သယံဇာတကိစ္စရပ်များနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးသုံးဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းနေချိန်တွင် ဖားကန့်မြို့မရဲစခန်းနှင့် သုံးဖာလုံခန့်အကွာ နေရာများ၌ ပေါက်ကွဲမှုသုံးကြိမ် ဖြစ်ပွား

သယံဇာတကိစ္စရပ်များနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးသုံးဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းနေချိန်တွင် ဖားကန့်မြို့မရဲစခန်းနှင့် သုံးဖာလုံခန့်အကွာ နေရာများ၌ ပေါက်ကွဲမှုသုံးကြိမ် ဖြစ်ပွား
Published 15 December 2017

သယံဇာတကိစ္စရပ်များနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးသုံးဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းနေချိန်တွင် ဖားကန့်မြို့မရဲစခန်းနှင့် သုံးဖာလုံခန့်အကွာ နေရာများတွင် မိုင်းပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သယံဇာတဝန်ကြီး ဦး H လအောင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးဒိတ် (ခ) ဦးခင်မောင်မြင့်၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီ ယောဟန်နှင့် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ရဲစခန်းနှင့် အလှမ်းမဝေးသည့်  JADE CITY ဟိုတယ်၌ အနားယူနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဖားကန့်မြို့အတွင်း ပေါက်ကွဲသံ သုံးချက်ကြားရသဖြင့် တပ်မ ၁၀၁ မှ ဗိုလ်ကြီး အောင်ကိုလင်း ဦးစီးသည့် တပ်စိတ် (၁)စိတ်၊ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ဦးနှင့် ဖားကန့်မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းဇော်ဦးတို့ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ဖားကန့်မြို့မရဲစခန်း၏ အရှေ့မြောက်ဘက် သုံးဖာလုံခန့်အကွာ ငှက်ပျောတောရပ်ကွက်နှင့် မော်ဝမ်းရပ်ကွက်အစပ်ရှိ ရွှေယမင်းအပ်ချုပ်ဆိုင်ဘေးတွင် ပေါက်ကွဲမှုဖြစ်ပွား၍ အပ်ချုပ်ဆိုင်၏ မျက်နှာကြက်ပေါက်ပြဲကာ ဆိုင်အရှေ့တံခါးသွပ် ပေါက်ပြဲလျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

ထို့နောက် ထပ်မံလိုက်လံစစ်ဆေးရာ ဖားကန့်မြို့မရဲစခန်း၏ အရှေ့ဘက်သုံးဖာ လုံခန့်အကွာ ဦးရဲဇော် (၅၀)နှစ်၊ ငှက်ပျော တောရပ်ကွက်နေသူ၏ နေအိမ်ရှေ့ခေါင်းရင်းတွင် ပေါက်ကွဲမှုကြောင့် ခြံစည်းရိုးသွပ်ပြားများ ကျိုးပဲ့နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဆက်လက်ရှာဖွေရာ ဖားကန့်မြို့မရဲစခန်း၏ တောင်ဘက် သုံးဖာလုံခန့်အကွာ ငှက်ပျောတောရပ်ကွက်ရှိ ဦးသန်းစိုး (၆၃)နှစ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး (ဟောင်း) ၏ နေအိမ်အရှေ့ဝဲဘက်တွင် ပေါက်ကွဲမှုကြောင့် ခြံစည်းရိုးသွပ်ပြားများ ပွင့်ထွက်နေသည်ကို ထပ်မံတွေ့ရှိရကြောင်း သိရသည်။

လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က “ပေါက်ကွဲတာက ည ၉ နာရီကျော်လောက်မှာ ဖြစ်မယ်။ ကျွန်တော်တို့ ဝန်ကြီးတွေအားလုံး ဟိုတယ်မှာ နားနေကြပါပြီ။ ပေါက်ကွဲသံ လေးကြိမ်ကြားရတယ်။ ဘာကြောင့် ဖောက်ခွဲတာလဲဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ မနက်လင်းတော် ဟောင်ပါးဘက်ကွင်းဆင်းပြီး အခုမြစ်ကြီး နားဘက်ကို ပြန်နေပါပြီ။ ရဲစခန်းနဲ့ ကျွန်တော်တို့ ဟိုတယ်က နည်းနည်းလှမ်းတယ်။ ရဲစခန်းနားမှာကွဲတာ။ ဘာကြောင့်ဆိုတာတော့ ကောလာဟလ လည်းမကြားခဲ့ရဘူး။ ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ အလေးမထားဖြစ်ဘူး။ ကွင်းဆင်းတာက သယံဇာတဝန်ကြီးနဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးနှစ်ဦးပါ။ အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ လည်းပါတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး သုံးဦးနှင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ ဖားကန့်ဒေသတစ်ခုလုံးသို့ ကွင်းဆင်းခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုများကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent