မောင်တောမြို့နယ် ငါးခူရဘင်္ဂါလီကျေးရွာအတွင်းရှိ လူမနေသော နေအိမ်တစ်လုံးမှ ကျပ်သိန်းပေါင်း ၁၉၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉၅၀၀၀ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

မောင်တောမြို့နယ် ငါးခူရဘင်္ဂါလီကျေးရွာအတွင်းရှိ လူမနေသော နေအိမ်တစ်လုံးမှ ကျပ်သိန်းပေါင်း ၁၉၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉၅၀၀၀ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ
Published 12 December 2017

သိမ်းဆည်းရမိသော စိတ်ကြွဆေးပြားများ

မောင်တောမြို့နယ် ငါးခူရဘင်္ဂါလီကျေးရွာအတွင်းရှိ လူမနေသော နေအိမ်တစ်လုံးမှ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၉၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉၅၀၀၀ ကို ဒီဇင်ဘာ ၁၀ ရက်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၅ ရက် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသော မသင်္ကာသူတချို့ ကျေးရွာအတွင်း ရောက်ရှိနေကြောင်း သတင်းအရ ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီခွဲအထိ နယ်မြေမှူး ရဲမှူးအောင်ကျော်မြင့် ဦးစီးသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် မောင်တောမြို့နယ် ငါးခူရကျေးရွာအုပ်စု၊ ငါးခူရဘင်္ဂါလီကျေးရွာရှိ နေထိုင်သူဦးရေ အိမ်ထောင်စုအလိုက် နေအိမ်များအား တစ်အိမ် တက်၊ ဆင်း စိစစ်မှုများ ဆောင်ရွက်ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ငါးခူရဘင်္ဂါလီအလယ်ရွာရှိ လူနေထိုင်ခြင်းမရှိသော အိမ်ထောင်စု ၂၂၂ နေ ဆွေယော့ဟူဆိန်း (ဘ) အဒူဂေါ်နီ (၅၉ နှစ်) ၏ နေအိမ်အတွင်းခန်း၌ ဆန်ထည့်ထားသော ပုတ်ခြင်းအတွင်း ဆန်ထဲမြုပ်လျက် ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်အား မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် သက်သေများရှေ့ ဖွင့်ဖောက်စစ်ဆေးရာ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၉၀၀ တန်ဖိုး ရှိ WY/R ရောရာ စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၉၅၀၀၀ ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသော ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများအား ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။