ပြည်တွင်းမှ ထွက်ရှိသည့် အဖိုးတန် ရွှေ၊ ကျောက်မျက်ရတနာနှင့် အခြားသတ္တုတွင်းထွက် ပစ္စည်းများကို နိုင်ငံတကာအဆင့်မီ ရောင်းချနိုင်မည့် ဗဟိုဈေးကွက်သုံးခု တည်ဆောက်မည်

ပြည်တွင်းမှ ထွက်ရှိသည့် အဖိုးတန် ရွှေ၊ ကျောက်မျက်ရတနာနှင့် အခြားသတ္တုတွင်းထွက် ပစ္စည်းများကို နိုင်ငံတကာအဆင့်မီ ရောင်းချနိုင်မည့် ဗဟိုဈေးကွက်သုံးခု တည်ဆောက်မည်
Published 11 December 2017

နေပြည်တော်တွင် ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲ တစ်ခုကို တွေ့ရစဉ်

ပြည်တွင်းမှ ထွက်ရှိသည့် အဖိုးတန် တွင်းထွက်ပစ္စည်းများကို နိုင်ငံတကာအဆင့်မီ ရောင်းချနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ရွှေ၊ ကျောက်မျက်ရတနာနှင့် သတ္တုနှင့် သက်ဆိုင်သည့် ပစ္စည်းများအားလုံး ပါဝင်ရောင်းချနိုင်မည့် Myanmar International Multi Resources Exchange & Finicial Region ကို နေရာသုံးခုတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း (၁၅) ကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေး အခမ်းအနားမှ သိရသည်။

“မြန်မာနိုင်ငံဟာ အဖိုးတန် ရွှေ၊ အဖိုးတန် ကျောက်မျက်ရတနာများ ထွက်ရှိနေပြီးတော့ တန်ဖိုးမြင့် ထုတ်ကုန်အထိ ထုတ်လုပ်နိုင်တဲ့ တွင်းထွက်လုပ်ငန်း မြှင့်တင်ရေး Value Change ဒီအချက်ကလဲ အလွန် အရေးကြီးပါတယ်။ သတ္တုနှင့်ဆိုင်တဲ့ အဖိုးတန်ကျောက်မျက်၊ ကျောက်စိမ်း အပါအဝင် ဒီလိုအဖိုးတန်တဲ့ ရတနာများကို ပိုင်ဆိုင်ထားသော်ငြားလည်း အရိုင်းထည်ဘဝနဲ့ပဲ ကျွန်တော်တို့က လမ်းဆုံးနေခဲ့တယ်။ ဒါတွေကို တန်ဖိုးမြှင့် ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်မှသာ ကမ္ဘာမှာလည်း ဝင့်ဝင့်ထည်ထည် ဖြစ်ပြီးတော့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားလည်းပဲ တိုးတက်မှာ ဖြစ်ပါတယ်။ ထုတ်ကုန်များကိုလည်းပဲ ကမ္ဘာ့ဈေးကွက်နဲ့ ဆက်နွှယ်ရောင်းဝယ်နိုင်ဖို့ အခု Myanmar International Multi Resources Exchange & Finicial Region တည်ထောင်ပြီးတော့ နိုင်ငံတကာအဆင့်မီ ရွှေ၊ ကျောက်မျက်၊ သတ္တုဗဟိုဈေးကွက်ကြီး ဖြစ်တည်လာရေး အတွက် ကျွန်တော်တို့ ဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းများနဲ့အညီ ညှိနှိုင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါ Myanmar International Multi Resources Exchange & Finicial Region (မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ သတ္တုအရင်းအမြစ် ရောင်းဝယ်ဖောက်ကားရေးနှင့် ဈေးကွက်ဘဏ္ဍာရေးရပ်ဝန်း) ဖော်ဆောင်ရန်အတွက် ဈေးကွက်တည်ဆောက်ရေးကို ဆောင်ရွက်နေပြီး လာမည့် ၂၀၁၈ ခုနှစ်တွင်း စတင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ပြောကြားသည်။

“Gold Exchange၊ ကျောက်မျက် Gun Exchange၊ Mineral Exchange ဈေးကွက်တွေ ပါလာမယ်။ လက်ရှိမှာက ဈေးကွက်တည်ဆောက်နေပြီ။ ခန့်မှန်းခြေ ၂၀၁၈ ခုနှစ်မှာ စတင်နိုင်မယ်” ဟု ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ဆိုသည်။

ကနဦး ဆောင်ရွက်မှုအနေဖြင့် Myanmar International Multi Resources Exchange & Finicial Region (မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ သတ္တုအရင်းအမြစ် ရောင်းဝယ်ဖောက်ကားရေးနှင့် ဈေးကွက် ဘဏ္ဍာရေးရပ်ဝန်း) ကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးစသည့် မြို့သုံးခုတွင် ပထဦးဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ပြောကြားသည်။

Myanmar International Multi Resources Exchange & Finicial Region တည်ထောင်ပြီးပါ က ပြည်တွင်းတန်ဖိုးမြှင့် ထုတ်နေသည့် လုပ်ငန်းများတွင် နိုင်ငံတကာ နည်းပညာများနှင့် ဈေးကွက်များ ရရှိစေရန် အတွက်ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ရွှေရယ်၊ ကျောက်မျက်ရယ်၊ အခြားတစ်ခုရယ် အဲဒီလိုလုပ်တော့ ဒီဈေးကွက်ကြီးက တအားကြီးတယ်။ အဲဒီတော့ ပြည်တွင်းအားနဲ့ လုပ်တဲ့အခါ ကျွန်တော်တို့မှာ တော်တော်လေး အခက်အခဲရှိတယ်။ အတွေ့အကြုံကလည်း မရှိသေးဘူး။ နည်းပညာလည်း မရှိသေးဘူး။ ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေဖိတ်ပြီး နည်းပညာရအောင် လုပ်မယ်။ သူတို့ဆီက ကျွန်တော်တို့ ထုတ်ကုန် အဆင့်မြှင့်နိုင်အောင် ဈေးကွက်ရှိမှ ထုတ်ကုန်အဆင့်မြှင့်လို့ရမှာ” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၉၂၇ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူက ဒေါ်လာ ၆၅၄ သန်းသာ တင်ပို့နိုင်ခဲ့သည့်အတွက်  ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ယခုနှစ် လက်ရှိအချိန်အထိ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၂၇၃ သန်းပိုမို တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခုနစ်လနီးပါး ကာလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာသန်း ၂၅၀ ကျော် ရရှိထားသော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၀ ကျော် လျော့နည်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကာလတူက ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ  ၃၂၀ ဒသမ ၄၃၂ သန်း ရရှိခဲ့ကြောင်း၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာ ၂၀ ရက်အထိ ဒေါ်လာ ၂၅၁ ဒသမ ၁၆၃ သန်း ရရှိခဲ့သဖြင့် ယခုနှစ် လက်ရှိအချိန်အထိသည် ယခင်နှစ် ကာလတူထက် ဒေါ်လာ ၇၀ ဒသမ ၂၆၉ သန်း လျော့နည်းနေခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။