မူးယစ်ဗဟိုအဖွဲ့ အနေဖြင့် အမျိုးသားမဟာဗျူဟာ စီမံချက် ရေးဆွဲမည်ဖြစ်ပြီး ဘိန်းစိုက်ပျိုးမှု လျော့ကျစေရေး အဓိက အခန်းကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်း ရေးဆွဲမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ပြောကြား

မူးယစ်ဗဟိုအဖွဲ့ အနေဖြင့် အမျိုးသားမဟာဗျူဟာ စီမံချက် ရေးဆွဲမည်ဖြစ်ပြီး ဘိန်းစိုက်ပျိုးမှု လျော့ကျစေရေး အဓိက အခန်းကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်း ရေးဆွဲမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ပြောကြား
Published 7 December 2017

အသစ်ရေးဆွဲပြီးသော မူဝါဒလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် မူးယစ်ဗဟိုအဖွဲ့အနေဖြင့် အဆိုပါ မူဝါဒ၏ အမျိုးသားမဟာစီမံချက်ကို ရေးဆွဲမည်ဖြစ်ပြီး ဘိန်းစိုက်ပျိုးမူ လျော့ကျစေရေးကို အဓိက အခန်းကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သည့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မူ စစ်တမ်းအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၆ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမူ အနိမ့်ဆုံး ရောက်ရှိခဲ့သော်လည်း ယင်းနှစ်များနောက်ပိုင်း ၂၀၁၃ ခုနှစ်အထိ ပြန်လည်မြင့်တက်ရာမှ ၂၀၁၄ ခုနှစ်တွင် ပြန်လည်ကျဆင်းသည့်ဘက်ကို ဦးတည်လာပြီး ယခုနှစ်တွင် သိသိသာသာ ပြန်လည်ကျဆင်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက “မူးယစ်ဗဟိုအဖွဲ့ အနေဖြင့် ၂၀၁၆ ခုနှစ် UNGASS အစည်းအဝေး၏ လုပ်ငန်းအကြံပြုချက်များနှင့်အညီ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒတစ်ရပ် ပေါ်ထွက်လာရေးအတွက် လုပ်ငန်းအဖွဲ့ ဆွေးနွေးမှုတွေ၊ ကျွမ်းကျင်သူအဖွဲ့ ဆွေးနွေးမှုတွေ၊ အစိုးရဌာနများအတွင်း ဆွေးနွေးမှု အဆင့်ဆင့်ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလတွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ အသစ်အတည်ပြုရေးဆိုင်ရာ ဆွေးနွေးပွဲကို ခေါ်ယူကျင်းပခဲ့ပြီး ထုတ်လုပ်မှု လျှော့ချရေးနဲ့ အစားထိုး ဖွံ့ဖြိုးရေးကဏ္ဍ၊ သုံးစွဲမှုလျှော့ချရေးနဲ့ နောက်ဆက်တွဲအန္တရာယ် လျှော့ချရေးကဏ္ဍ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးကဏ္ဍနဲ့ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနဲ့အညီဖြစ်စေရေးကဏ္ဍ စတဲ့မူဝါဒ နယ်မြေအလိုက် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒအသစ်တစ်ရပ် ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အစီရင်ခံစာတွင်ပါရှိသည့် ဘိန်းစိုက် ဧရိယာအကျယ်အဝန်း၊ ဘိန်းထုတ်လုပ်မူ၊ ပြောင်းလဲလာသည့် စိုက်ပျိုးပုံစံများသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာချမှတ်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကိန်းဂဏန်း အချက်အလက်ဖြစ်ကြောင်း၊ အစီရင်ခံစာအရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် သက်ရောက်မှုတို့ကို အကဲဖြတ်သိရှိနိုင်သကဲ့သို့ ဘိန်းစိုက်သူတောင်သူများ၏ စိုက်ပျိုးမှုပုံစံများနှင့် အစားထိုးဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို သိရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားသည်။

Most Read

Most Recent