သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် တောင်သူဒေါ်ခင်ဝင်း၏အမှု ပိတ်သိမ်းထားခြင်းကို ပြန်လည်စုံစမ်းစစ်ဆေးခွင့်ပေးသင့်ကြောင်း ၎င်း၏မိသားစုဘက်မှရှေ့နေ လျှောက်လဲချက်ပေး

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် တောင်သူဒေါ်ခင်ဝင်း၏အမှု ပိတ်သိမ်းထားခြင်းကို ပြန်လည်စုံစမ်းစစ်ဆေးခွင့်ပေးသင့်ကြောင်း ၎င်း၏မိသားစုဘက်မှရှေ့နေ လျှောက်လဲချက်ပေး
Published 6 December 2017

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် လက်ပံတောင်းတောင် တောင်သူဒေါ်ခင်ဝင်း၏အမှုအား ပိတ်သိမ်းထားခြင်းကို ပြန်လည်စုံစမ်းစစ်ဆေးခွင့်ပေးရန် ဒေါ်ခင်ဝင်း၏ မိသားစုဘက်မှ ရှေ့နေက လျှောက်လဲချက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားသည်။

အဆိုပါအမှုအား ပိတ်သိမ်းထားခြင်းကို ပြန်လည်စုံစမ်းစစ်ဆေးခွင့် ပေးသင့်/မပေးသင့်ကို နှစ်ဘက်ရှေ့နေများက ဒီဇင်ဘာ ၄ ရက်တွင် လျှောက်လဲချက်ပေးခဲ့ကြောင်း၊ ထိုသို့လျှောက်လဲချက်ပေးရာတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အစီရင်ခံစာတွင်ပါဝင်သည့် လုံခြုံရေးရဲတပ်ဖွဲ့ဘက်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းမရှိဟူသည့် အချက်များကိုလည်း ၎င်းတို့ဘက်မှထည့်သွင်း၍ လျှောက်လဲချက်ပေးခဲ့ကြောင်း အဆိုပါအမှုအား လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေတစ်ဦးဖြစ်သော ဦးမောင်မောင်စိုး (တရားလွှတ်တော်ရှေ့နေ) က ပြောကြားသည်။

“ပြည်ထောင်စုရှေ့နေချုပ်ရုံးကတော့ ကျွန်တော်တို့ဘက်ကို ကန့်ကွက်တာပေါ့။ အမိန့်ကတော့ တစ်လအတွင်းချသွားမှာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ဆက်လက်ပြောကြားသည်။

လက်ပံတောင်းတောင် ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေနတ်ဖြင့်ပစ်ခတ်ခံရမှုမှာ တစ်ဖက်မှပစ်သည့် အဝန်းအဝိုင်းနှင့်ပစ်ခတ်ခြင်းတို့ ထင်ရှားသော်လည်း ရဲတပ်ဖွဲ့မှစုံစမ်းမရဟုဆိုကာ အမှုပိတ်သိမ်းထားခြင်းအပေါ် ပြန်လည်စုံစမ်းစစ်ဆေးပေးရန် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စာချွန်တော်ရုံးသို့ လျှောက်ထားခဲ့ရာ သြဂုတ် ၂၃ ရက်တွင် ကနဦးလက်ခံခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ထံမှ သိရသည်။

လက်ပံတောင်းတောင် ဒေသခံတောင်သူ ဒေါ်ခင်ဝင်းမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မွန်းလွဲပိုင်းက လက်ပံတောင်းတာဝန်ကျ ရဲတပ်ဖွဲ့နှင့် ဒေသခံတို့အချင်းများရာမှတစ်ဆင့် ရဲတပ်ဖွဲ့ဘက်မှပစ်ခတ်သည့် ကျည်ဆန်ထိမှန်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါသေဆုံးမှုကို ဆားလင်းကြီးမြို့မရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၃/၂၀၁၅)၊ (ပ) ၅၉/၁၅၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းတွင် အမှုစုံစမ်းမရဟုဆိုကာ အမှုကိုပိတ်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်က သတင်းစာရှင်းလင်းခဲ့သည်။