ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးနှင့်အခြားတိုင်းဒေသများရှိ မြို့နယ်ရှစ်မြို့နယ်၊ ကျေးလက်၊ မြို့ပြ ကိုးနေရာတို့တွင် ၂၀၁၈ ခုနှစ်အတွင်းဆောင်ရွက်ရန် ရွေးချယ်ထား

ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးနှင့်အခြားတိုင်းဒေသများရှိ မြို့နယ်ရှစ်မြို့နယ်၊ ကျေးလက်၊ မြို့ပြ ကိုးနေရာတို့တွင် ၂၀၁၈ ခုနှစ်အတွင်းဆောင်ရွက်ရန် ရွေးချယ်ထား
Published 4 December 2017

ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင် ရေးစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသများရှိ မြို့နယ်ရှစ်မြို့နယ်၊ ကျေးလက်မြို့ပြ ကိုးနေရာတို့တွင်၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်ရန်ရွေးချယ်ထားကြောင်း ဒီဇင်ဘာ ၃ ရက်က MICC-2 တွင် ပြုလုပ်သည့် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

လက်ရှိတွင် ECI ကနဦးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်များတွင်ရှိသည့် မြို့နယ်ရှစ်မြို့နယ်ရှိ ကျေးလက်မြို့ပြ နေရာကိုးနေရာတွင် ၂၀၁၈ ခုနှစ်အတွင်းဆောင်ရွက်ရန် ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

“သတ်မှတ်မြို့နယ်နှင့် နေရာများရှိ အသက် ငါးနှစ်အောက်မှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးဖွယ်ရှိတဲ့ ကလေးအားလုံးကို စစ်ဆေးပြီး လိုအပ်သူတွေအတွက် သူတို့ရဲ့ မိသားစုရပ်ရွာဝန်းကျင်မှာဝန်ဆောင်မူတွေ ရရှိစေမယ့် ECI ရဲ့ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ အခြေခံအုတ်မြစ်အဖြစ် စတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် စီးပွားရေးအရ ပြန်လည်ထူထောင်မှု ပေးခြင်းအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ပို့ချပေးခြင်းနှင့် ဝင်ငွေရ လုပ်ငန်းများ တည်ထောင်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မူပေးခြင်းတွင် နေ့စဉ်လှုပ်ရှားသွားလာနိုင်ရန် လေ့ကျင့်ပေးခြင်းနှင့် အကြောအဆစ်ပညာရှင်များက လေ့ကျင့်ခန်းဆောင်ရွက်ပေးခြင်းတို့ကို မသန်စွမ်း သင်တန်းကျောင်း ရှစ်ကျောင်းတွင်သင်တန်း ကျောင်းအခြေပြုအဖြစ် ဆောင်ရွက်ပေးလျက် ရှိသည်။

ထို့ပြင် မူဝါဒပိုင်းဆိုင်ရာ အခြေခံမူဘောင်များအား ချမှတ်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး လက်ရှိတွင် ဥပဒေအား ထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် နည်းဥပဒေအား မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ရှိသည့် မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ဥပဒေရေးရာ၊ မသန်စွမ်းမူအသိပညာ၊ ရပ်ကွက်အတွင်းပါဝင်ဆောင်ရွက်ခွင့် အစရှိသည့် ပတ်သက်သည့်လုပ်ငန်း အစီအစဉ် များလည်း နိုင်ငံတော်အစိုးရ၏ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ထည့်သွင်းအကောင်အ ထည်ဖော်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖွံ့ဖြိုး တိုးတက်ရေးအမျိုးသားအဆင့် မဟာဗျူဟာ ၂၀၁၆-၂၀၂၅ အား ချမှတ်ခဲ့ပြီး လုပ်ငန်းစီမံ ချက် ၂၀၁၆-၂၀၂၀ မူကြမ်းရေးဆွဲခြင်းအပြင် ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းဆိုင်ရာ ကွန်ဗင်းရှင်း စသည်တို့ကို မျက်မမြင်စာဖြင့်ထုတ်ဝေခြင်း၊ Audio Version ဖြင့် ထုတ်ဝေခြင်း၊ လက်သင်္ကေတပြ ဘာသာစကားဖြင့် ထုတ်ဝေခြင်း၊ မသန်စွမ်းကျောင်းများ သဘာ၀ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ခြင်း သင်တန်းများ ဖွင့်လှစ်ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။