အမြန်လမ်းမကြီးပေါ်တွင် တစ်နှစ်ကျော်အတွင်း အရှိန်လွန်မောင်းနှင်သော မော်တော်ယာဉ်ဖမ်းဆီးမှု အစီး၂၀၀၀၀ ကျော်နှင့် ခါးပတ်မပတ် ဖမ်းဆီးရမိယာဉ် ငါးလကျော်အတွင်း အစီး ၄၀၀၀ ကျော်ရှိ

အမြန်လမ်းမကြီးပေါ်တွင် တစ်နှစ်ကျော်အတွင်း အရှိန်လွန်မောင်းနှင်သော မော်တော်ယာဉ်ဖမ်းဆီးမှု အစီး၂၀၀၀၀ ကျော်နှင့် ခါးပတ်မပတ် ဖမ်းဆီးရမိယာဉ် ငါးလကျော်အတွင်း အစီး ၄၀၀၀ ကျော်ရှိ
Published 3 December 2017

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အရှိန်လွန် တိမ်းမှောက်သွားသော ယာဉ်တစ်စီးကို ယခုလပိုင်း အတွင်း တွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၆ ခုနှစ် စက်တင် ဘာ ၁ ရက်မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၆ ရက်အထိ တစ်နှစ်ကျော် ကာလအတွင်း အရှိန်လွန်မောင်းနှင်ယာဉ် ဖမ်းဆီးမှု ၂၀၃၁၆ စီးရှိပြီး ထိုင်ခုံ ခါးပတ်မပတ် ဖမ်းဆီးရမိသည့်ယာဉ် မှာ ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၆ ရက်အထိ ငါးလ ကျော်ကာလအတွင်း ၄၃၇၄ စီး ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

နိုဝင်ဘာ ၂၆ ရက်အထိ အရှိန်လွန်မောင်းနှင်သည့်ယာဉ် ဖမ်းဆီးမှု ၂၀၃၁၆ စီးတွင် ၁၉၄၅၃ စီးကို တရားစွဲဆို တင်ပို့ခဲ့ပြီး သတ်မှတ်ဒဏ်ကြေး ကျပ် ၅၀၀၀၀ ဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၆ ရက်အထိ ထိုင်ခုံခါးပတ်မပတ် ဖမ်းဆီးရမိယာဉ် ၄၃၇၄ စီးတွင် ၄၂၂၆ စီးအား တရားစွဲဆိုတင်ပို့ခဲ့ပြီး သတ်မှတ်ဒဏ်ကြေး ကျပ် ၃၀၀၀၀ ပေးဆောင်ရကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ၁၀ လတာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၄၆၅ ကြိမ်အထိဖြစ်ပွား၍ သေဆုံးသူ ၉၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၄၂ ဦး ရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းကလည်း ယာဉ်မတော်တဆမှုပေါင်း ၇၄၄ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၆၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၃၀၇ ဦးအထိ ရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

ထိုသို့ယာဉ်မတော်တဆမှုများနှင့် ထိခိုက်သေဆုံးမှုများ လျော့နည်းစေရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီး ယာဉ်အန္တရာယ် ကင်းရှင်းရေး အဖွဲ့များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အမြန်လမ်း ၂၀၁ မိုင်ရှိ နေပြည်တော်တိုးဂိတ်၊ အမှတ် (၃) လမ်းဆုံတိုးဂိတ်၊ စကားအင်းတိုးဂိတ်၊ ပန်းတင် အမြန်လမ်းမကြီးရဲစခန်း၊ ဇီးပင်သာ အမြန်လမ်းမကြီးရဲစခန်း၊ ဘောနက်ကြီး မီနီတိုးဂိတ်နှင့် ဖြူးအမြန်လမ်း တိုးဂိတ်များတွင် စစ်ဆေးရေးဂိတ်များ ထားရှိကာ အမြန်လမ်းမကြီးတစ်လျှောက် သတ်မှတ်မိုင်နှုန်းထက် ပိုမိုအရှိန်ပြင်းမောင်းနှင်သော မော်တော်ယာဉ်များအား စစ်ဆေးဖမ်းဆီး အရေးယူနေခြင်း ဖြစ်သည်။

အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်သော မော်တော်ယာဉ်များမှ သတ်မှတ်မိုင်နှုန်း ကီလို ၁၀၀ အထက် ပိုမောင်းကြောင်း စစ်ဆေးတွေ့ရှိပါက ယာဉ်လိုင်စင်နှင့် ဝှီးတက်များ သိမ်းဆည်းခြင်း၊ တရားရုံးတွင် ဒဏ်ငွေ ကျပ် ၅၀၀၀၀ သို့မဟုတ် ထောင်ဒဏ်တစ်လ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြင့် အပြစ်ပေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်စဉ်များမှာ (၁) လူနှင့် တိရစ္ဆာန်ကြောင့် ဖြစ်ပွားတတ်သည့် အရှိန်ပြင်း၊ အိပ်ငိုက်၊ မူးယစ်၊ လမ်းကူးသူ ပေါ့ဆမှု၊ တိရစ္ဆာန် ဆိုင်ကယ် ပေါ့ဆမှု၊ အနှေးယာဉ်ပေါ့ဆမှု၊ (၂) ယာဉ်မောင်း မကျွမ်းကျင်မှု၊ မဆင်မခြင် မောင်းနှင်မှု၊ (၃) ယာဉ်ကြောင့်ဖြစ်သည့် ကားဘီးပေါက်ခြင်း၊ စက်ချို့ယွင်းခြင်းနှင့် (၄) လမ်းကြောင့်ဖြစ်သည့် လမ်းချော်ခြင်း အစရှိသည့် အချက်လေးချက်အပေါ် မူတည်၍ ယာဉ်မတော်တဆမှု ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။