မန္တလေး FDA ဌာနက အလှကုန်ပစ္စည်းများကို စစ်ဆေးရာတွင် သုံးစွဲသူအတွက် ထိခိုက်မှုအန္တရာယ်များနိုင်သည့် အသားဖြူခရင်ကဲ့သို့ပစ္စည်းများအား အဓိကထားစစ်ဆေး

မန္တလေး FDA ဌာနက အလှကုန်ပစ္စည်းများကို စစ်ဆေးရာတွင် သုံးစွဲသူအတွက် ထိခိုက်မှုအန္တရာယ်များနိုင်သည့် အသားဖြူခရင်ကဲ့သို့ပစ္စည်းများအား အဓိကထားစစ်ဆေး
Published 3 December 2017

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ အလှကုန်ပစ္စည်းများကို စစ်ဆေးရာတွင် သုံးစွဲသူအတွက် ထိခိုက်မှုအန္တရာယ်များနိုင်ကာ ကျန်းမာရေးဆိုးကျိုးများနိုင်သည့် အသားဖြူခရင်ကဲ့သို့ပစ္စည်းများအား အဓိကထားစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး FDA ဌာနမှ သိရသည်။

အလှကုန်ပစ္စည်းများကို စစ်ဆေးရာတွင် ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းအဖြစ် ဈေးကွက်အတွင်း ရောင်းချနေသည့် အလှကုန်များကို နမူနာယူဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်သကဲ့သို့ မှတ်တမ်းတင်ထားသည့် အလှကုန်များနှင့် ပတ်သက်၍လည်း ဈေးကွက်အတွင်းရောင်းချသော အလှကုန်များ အရည်အသွေးပြည့်မီမှုရှိရန် စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ကာ အရည်အသွေးအာမခံချက်မရှိဘဲ ခွင့်မပြုဓာတုဆေးဝါးအများအပြားပါသည့် အလှကုန်များအား အများပြည်သူသိရှိရန် သုံးစွဲရန်မသင့်အဖြစ် ထုတ်ပြန်ကြေညာခြင်းများကို ဆောင်ရွက်ကြောင်း သိရသည်။

“အလှကုန်တွေကို စစ်ဆေးတဲ့အခါမှာ ဈေးတွေအပါအဝင် ရောင်းချတဲ့ဆိုင်တွေကို စစ်ဆေးတယ်။ အသိပညာပေးမှုအဖြစ်လည်း သုံးစွဲသူရော၊ ရောင်းချသူရောကို အသိပညာပေးမှုတွေ လုပ်ရတယ်။ ရောင်းသူတွေကိုကျတော့ စည်ပင်သာယာဌာနဈေးတွေက စုစည်းရလွယ်တဲ့အတွက် ဈေးတွေမှာ စုရပ်တွေနဲ့ အသိပေးတာတွေလုပ်တယ်။ ဈေးတွေကိုစစ်လို့ အပြင်ဆိုင်တွေမှာ မစစ်ဘူးမဖြစ်ရအောင်လည်း အပြင်ဆိုင်တွေကို အလျဉ်းသင့်သလိုစစ်တယ်။ အလှကုန်ဆိုင်အားလုံး စစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်သေးဘူး။ လက်လှမ်းမီသလောက် ပူးပေါင်းအဖွဲ့တွေနဲ့စစ်တယ်။ အသိပညာပေးတယ်။ လက်ရှိဆိုရင် နယ်တွေကိုသွားတယ်။ အဲဒီမှာကြေညာထားတဲ့ မိတ်ကပ်ပစ္စည်းတွေရောင်းချမှုရှိ မရှိနဲ့ နမူနာကောက်ယူစစ်ဆေးတာတွေ လုပ်တယ်။ နမူနာကောက်ယူစစ်ဆေးတဲ့အခါမှာ သုံးစွဲသူကိုထိခိုက်မှုများနိုင်တဲ့ သံသယရှိကုန် ပစ္စည်းအမျိုးအစားတွေ ဓာတုဆေးပါဝင်မှု အများဆုံးတွေ့ရတဲ့ အသားဖြူခရင်လိုမျိုးပစ္စည်းတွေကို စစ်ဆေးတယ်။ တွေ့ရှိရင် သိမ်းဆည်းဖျက်ဆီးခြင်းတွေ အသိပညာပေးခြင်းတွေလုပ်တယ်” ဟု မန္တလေးတိုင်းဒေသကြီး FDA မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်က ပြောကြားသည်။

ယခုနှစ်တွင် ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းများကို ကောက်ယူစစ်ဆေးမှုအရ ဓာတုဆေးဝါးအလွန်အမင်းပါဝင်ကာ ထိခိုက်မှုများဖြစ်စေသော သုံးစွဲရန်မသင့် အလှကုန်ပစ္စည်းအဖြစ် ထုတ်ပြန်ကြေညာထားသည့် အလှကုန် ၂၈ မျိုးရှိပြီဖြစ်ကြောင်း သုံးစွဲရန်မသင့် အလှကုန်ပစ္စည်းများတွင် အများအားဖြင့် ခွင့်မပြုဓာတုပစ္စည်းလေးမျိုးအား စစ်ဆေးတွေ့ရှိရပြီး အဓိကအနေဖြင့် အသားဖြူစေသော အလှကုန်ပစ္စည်းများတွင်တွေ့ရှိရကာ မာကျူရီခေါ် ပြဒါးပါဝင်မှုမှာ အများဆုံးတွေ့ရကြောင်း ဓာတုပစ္စည်း အလွန်အကျွံပါသော မိတ်ကပ်များကို ရေရှည်သုံးစွဲမိပါက အရေပြားမှိုစွဲခြင်း၊ ပျက်စီးခြင်း၊ ရောင်ရမ်းခြင်းများဖြစ်ပေါ်ကာ အရေပြားကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း သိရသည်။

Most Read

Most Recent