နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် တပ်မတော်တွင် တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် တပ်မတော်တွင် တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 2 December 2017

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် တပ်မတော်တွင်တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားသည်။

ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ဒီဇင်ဘာ ၁ ရက်ကပြုလုပ်သော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်မိန့်ခွန်းပြောကြားစဉ် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် ပတ်သက်၍ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ရန်အတွက် ဒီမိုကရေစီရည်မှန်းချက်များ အောင်မြင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သော NCA သည် နိုင်ငံအတွက် လိုအပ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိကအကျဆုံး အခြေခံလုပ်ဆောင်ရမည့် အချက်ပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“NCA ဟာ အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်ပေမယ့် အနှစ်သာရအားဖြင့် ပိုမိုကျယ်ပြန့်နက်ရှိုင်းတယ်။ ဒီစာချုပ်မှာပါတဲ့ကိစ္စတွေဟာ တိုင်းရင်းသားပြည်သူလူထုရဲ့ အခွင့်အရေးကို ကန့်သတ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ပိတ်ပင်ထားတာတစ်ခုမှမပါဘဲ အခွင့်အရေးကို ပေးနိုင်သမျှပေးထားတယ်။ NCA စာချုပ်မှာပါတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းမှုရဲ့ရလဒ်တွေ၊ အသီးအပွင့်တွေကို အမြန်ဆုံးရယူခံစားနိုင်မှာပဲဖြစ်တယ်။ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်ဟာလည်း အတိတ်သမိုင်းကြောင်းအခြေအနေတွေနဲ့ လက်ရှိအခြေအနေတွေကို နှိုင်းယှဉ်ပြီး ဖော်ထုတ်ထားတာဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက လိုက်နာပူးပေါင်းဆောင်ရွက်သင့်တဲ့ အခြေခံအချက်တွေပဲဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အဓိကတာဝန်ယူထမ်းဆောင်နေတဲ့ တပ်မတော်အနေနဲ့ အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ဘယ်သောအခါမှ အထိပါးပွန်းပဲ့ခံမှာမဟုတ်ဘဲ အမြဲဦးထိပ်ပန်ဆင်ပြီး ကာကွယ်စောင့်ရှောက်သွားရမှာဖြစ်ကြောင်း မှာကြားလိုတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားလူမျိုး ၁၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ပြီး နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် တပ်မတော်တွင်တာဝန်ရှိကြောင်း၊ မိမိတို့ဘိုးဘွားများ၏ အသက်၊ သွေး၊ ချွေးများ စတေးပြီးမှရရှိထားသည့် သမိုင်းအမွေများကို တင့်တယ်စေရန်အတွက် ခေတ်အဆက်ဆက်က သစ္စာလေးချက်ကို ဦးရွက်ပြုပြီး တပ်မတော်မှ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခုအချိန်တွင် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒအတိုင်း ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ဆယ်စုနှစ်နှစ်ခုကျော် ပြင်ဆင်တည်ဆောက်ပေးခဲ့ပြီးဖြစ်သဖြင့် ယခုအချိန်၌ ပြည်သူများ ရွေးချယ်လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း အမျိုးသားရေးအင်အားစုအဖြစ် ပါဝင်လျှောက်လှမ်းလျက်ရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“ဒို့တပ်မတော်ဟာ နိုင်ငံရေးလောင်းရိပ်အောက်က လွတ်ကင်းတဲ့ တပ်မတော်ဖြစ်ရမယ်၊ အမျိုးသားအကျိုးစီးပွားနဲ့ အမျိုးသားရေး စရိုက်လက္ခဏာတွေကို ထိန်းသိမ်းကာကွယ်ရမယ်။ ဒို့တပ်မတော်အနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးအဖြစ် ခိုင်ခိုင်မာမာလျှောက်လှမ်းဖို့ မူဝါဒချမှတ်ထားတဲ့လမ်းကြောင်းအတိုင်း လျှောက်လှမ်းလျက်ရှိနေတယ်။ ရဲဘော်တို့ ဒု့ိတပ်မတော်သားတွေရဲ့တာဝန်က နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မထိခိုက်စေဖို့၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ တိုင်းရင်းသားများ၊ နိုင်ငံသူ၊ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ပဲဖြစ်တယ်။ ဒီတာဝန်တွေကို နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားပြီးဖြစ်ပေမယ့်လည်း ဥပဒေမဲ့ဆောင်ရွက်လို့မရဘူးဆိုတာ သိရှိလိုက်နာကြရမှာဖြစ်တယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှနေလို့မရပါဘူး။ နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို ပြဋ္ဌာန်းချက်တွေနဲ့အညီ လိုက်နာလုပ်ဆောင်သွားကြရမှာပဲဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်သားများအနေဖြင့် တာဝန်ထမ်းဆောင်ချိန်တွင် သတ်မှတ်ထားသည့် အမိန့်၊ စည်းကမ်း၊ ညွှန်ကြားချက်များအတိုင်း လိုက်နာတာဝန်ထမ်းဆောင်လျက် ရှိနေသောကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များတွင်လည်း တပ်မတော်အနေဖြင့် Rules of Engagement (ROE) နှင့်ပတ်သက်ပြီး စနစ်တကျ ဥပဒေနှင့်အညီသာ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်း သြဂုတ် ၂၅ ရက်တွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက နယ်ခြားစောင့်ရဲစခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုအား တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံး အကြမ်းဖက်တိုက်ခိုက်၍ ဒေသခံတိုင်းရင်းသားကျေးရွာများကို ဝိုင်းဝန်းခြိမ်းခြောက် အကြမ်းဖက်သတ်ဖြတ်ခဲ့သော်လည်း နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် ပြည်ပသတင်းဌာနအချို့သည် ဖြစ်စဉ်မှန်များကိုဖုံးကွယ်ပြီး မှန်ကန်မှုမရှိသည့်သတင်းများကို အခြေခံထား၍ သတင်းထုတ်ပြန်ဖော်ပြမှု၊ လှုံ့ဆော်ဝါဒဖြန့်မှုများကြောင့် နိုင်ငံတကာက ဖြစ်စဉ်အခြေအနေမှန်အား မသိရှိသည်ကို တွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်း၌ ပြောကြားသည်။