အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ဆားကွင်းများပျက်စီးပြီး လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ရန် ဆားတောင်သူများ စိုးရိမ်နေ

အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ဆားကွင်းများပျက်စီးပြီး လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ရန် ဆားတောင်သူများ စိုးရိမ်နေ
Published 1 December 2017

လပွတ္တာမြို့နယ် ပြင်စလူဆားတိုက်နယ်အတွင်းရှိ ဆားကွင်းတစ်ခုကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့မှုများကြောင့် ဆားကွင်းအများအပြား ပျက်စီးခဲ့ရပြီး ဆားတောင်သူများအနေဖြင့် ရေသွင်းခြင်း၊ ကွင်းပြင်ခြင်းများကို အသစ်မှပြန်လည်စတင်ကာ လုပ်ဆောင်နေရပြီး ယခုနှစ်တွင် လစဉ်လတိုင်း မိုးရွာသွန်းမှုများရှိနိုင်သည်ဟု မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားမှုများကြောင့် လုပ်ငန်းများ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရန် ဆားတောင်သူများ စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလအတွင်း မိုးရွာသွန်းမှုများကြောင့် လုပ်ငန်းများ စတင်နေပြီဖြစ်သည့် ဆားလယ်များအတွင်း မိုးရေများဝင်ရောက်ကာ ဆားကွင်းများပျက်စီးခဲ့ရကြောင်း၊ ပျက်စီးခဲ့ရသည့် ဆားလယ်များကို ပြန်လည်ပြင်ဆင် ဆောင်ရွက်နေသော်လည်း ယခုနှစ်တွင် လစဉ်လတိုင်း မိုးရွာသွန်းမှုများ ရှိနိုင်သည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားမှုကြောင့် ဆားလယ်များကို ဆက်လက်လုပ်ဆောင်နိုင်ရန်မှာ တောင်သူများအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း၊ တောင်သူများလက်ဝယ်တွင် မည်သည့်ဆားကြမ်းမျှ မထွက်ရှိသေးသည့်အချိန်တွင် ဆားကြမ်းမှာ ဈေးကွက်အတွင်း တစ်ပိဿာ ကျပ် ၁၇၀ ခန့်အထိ ဈေးနှုန်းများမြင့်တက်နေပြီး ယခုနှစ်တွင် ရာသီဥတုအဖျက်များကြောင့် ဆားကြမ်းများ အထွက်နည်းပါးလာနိုင်ကြောင်း သိရသည်။

“မိုးရွာတော့ အကုန်ပျက်သွားတာပေါ့။ အခုတော့ ပြန်လုပ်နေရတယ်။ ၁၀၀ မှာ ၃၀ လောက် ဆုံးရှုံးသွားတယ်။ ဒီနှစ်က မိုးဆက်ရွာနိုင်မယ်လို့ မိုးလေဝသပညာရှင်တွေက ပြောထားတော့ ကျွန်တော်တို့လည်း စိုးရိမ်နေတယ်။ သူတို့ပြောထားတာမှာ ဆားထုတ်တဲ့ တိုင်းတွေအရ ရခိုင်က နံပါတ် (၁)၊ မွန်က နံပါတ် (၂)၊ ဧရာဝတီက နံပါတ် (၃) ဆိုတော့ ကျွန်တော်တို့ နည်းနည်းတော့ ခံသာမယ်ထင်တယ်။ အခု ဆားကြမ်းဈေးနှုန်းက ၁၇၀ လောက်ရှိတယ်။ ဒီဈေးသာရှိတာ ဆားကြမ်းက ကုန်သည်တွေလက်ထဲမှာပဲ ရှိတော့တယ်။ ကျွန်တော်တို့ ဆားတောင်သူတွေလက်ထဲမှာ မရှိဘူး။ ဆားကြမ်းထွက်လာပြီဆိုရင်လည်း ဘယ်တောင်သူမှ ချန်မထားနိုင်ဘဲ ထိုးရောင်းကြမှာဆိုတော့ ဈေးကပြန်ကျမှာပဲ။ အခုဈေးနှုန်းအတိုင်းသာ ဆက်ရှိပေးမယ်။ ဆားလည်းမပျက်ဘူးဆိုရင် ကျွန်တော်တို့ တောင်သူတွေက သုံးနှစ်လောက်ဆိုအရင် အခြေအနေကို ပြန်ရောက်တယ်။ အခုက အရင်းအနှီးလိုအပ်ချက်ရော၊ ဈေးကျတာရော၊ ရာသီဖျက်တာရောနဲ့ ဘယ်တောင်သူမှ ဆားကောင်းကောင်း မလုပ်နိုင်တော့တာ” ဟု လပွတ္တာမြို့နယ်ရှိ ဆားတောင်သူ ဦးသိန်းဇော်ဦးက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆားတိုက်နယ် ၁၁ ခုရှိသည့်အနက် ဆားထုတ်လုပ်သည့် ဆားဖိုဦးရေမှာ ၃၇၂ ခုခန့်သာရှိပြီး ဆားကွင်းဧကမှာ ၁၄၆၄၅ ဧကခန့်သာ ဆားထုတ်လုပ်နိုင်တော့ကာ နာဂစ်မုန်တိုင်းမတိုက် ခတ်မီနှစ်များနှင့်နှိုင်းယှဉ်ပါက သုံးပုံလျှင် နှစ်ပုံခန့်အထိ လျော့ကျလာခဲ့ကြောင်း သိရသည်။

Most Read

Most Recent