ဖားကန့်မြို့နယ်ရှိ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် မြေစာရင်းဌာနတို့၏ မမှန်မကန် ဆောင်ရွက်ချက်များနှင့် ကျောက်မျက်ကုမ္ပဏီများ၏ မတရားမှုများအပေါ် နစ်နာသည့်ပြည်သူများ ဆန္ဒထုတ်ဖော်

ဖားကန့်မြို့နယ်ရှိ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် မြေစာရင်းဌာနတို့၏ မမှန်မကန် ဆောင်ရွက်ချက်များနှင့် ကျောက်မျက်ကုမ္ပဏီများ၏ မတရားမှုများအပေါ် နစ်နာသည့်ပြည်သူများ ဆန္ဒထုတ်ဖော်
Published 1 December 2017

ဖားကန့်ဒေသခံများ မြို့နယ်တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)

ဖားကန့်မြို့နယ်ရှိ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် မြေစာရင်းဌာနတို့၏ မမှန်မကန် ဆောင်ရွက်ချက်များနှင့် ကျောက်မျက်ကုမ္ပဏီများ၏ မတရားမှုများနှင့်ပတ်သက်၍ နိုဝင်ဘာ ၃၀ ရက်က ဖားကန့်ဒေသမှ နစ်နာသည့် ပြည်သူ ၅၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရခြင်း၏ ရည်ရွယ်ချက်မှာ ဖားကန့်မြို့နယ်ရှိ မြေစာရင်းဦးစီးဌာနနှင့် တရားရုံးတို့၏ မမှန်မကန်ဆောင်ရွက်ချက်များနှင့် မတရားမှုများအား ပြည်ထောင်စု အစိုးရသိရှိစေရန်နှင့် ကုမ္ပဏီများ၏ လုပ်ရပ်များကြောင့် နစ်နာခဲ့သည့် ပြည်သူများအား ဖြေရှင်းဆောင်ရွက်မှုမပေးသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ရပ်အား ပြည်ထောင်စုအစိုးရသိရှိစေရန် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဦးထွန်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့  ဒီနေ့ဆန္ဒဖော်ထုတ်တာဟာ တရားရုံးကို ဖိအားပေးတာလည်း မဟုတ်ဘူး။  ပြည်ထောင်စုအစိုးရသိအောင် တင်ပြတာ။ မြေစာရင်းဌာနကထုတ်ပေးတဲ့ ၁၀၅/ ၁၀၆ တွေ မြေကြီးမှာမရှိဘူး။ ကြိုက်တဲ့မြေစာရင်းဝန်ထမ်းတွေ လာခဲ့လိုက်။ အဲ့ဒါကို မြို့နယ်တရားရုံးက လက်ခံပြီး တရားစိစစ်နေတယ်။ ဒီလိုဖြစ်စဉ်မျိုးကို ၂၀၁၃-၂၀၁၄ လောက်မှာ တရားရုံးက အနိုင်ပေးထားတာ ရှိတယ်။ တရားရုံးကအနိုင်ပေးလိုက်လို့ သွားတိုင်းတဲ့အချိန်မှာ မြေကြီးမှာ မြေကွက်မရှိဘူး။ နောက်ပြီးကုမ္ပဏီတွေကလည်း မတရားတာလုပ်နေတယ်။ ကျွန်တော်တို့နေတဲ့ ဂန္ထဝင်ရပ်ကွက်ဟာ တရားဝင်ရပ်ကွက်ဟုတ်တယ်။ ကျူးကျော်မဟုတ်ဘူး။ အခုရတနာကြာဖြူလို့လည်းခေါ်တယ်။ စိမ်းလဲ့ရတနာဝင်းလို့လည်းခေါ်တဲ့ ကုမ္ပဏီက လျော်ကြေးငွေလုံးဝမပေးဘူး။ အိမ်ခြေသုံးလေးဆယ်လောက်ကို ရေနစ်အောင် လုပ်ပစ်လိုက်တယ်။ အဲဒီလိုလုပ်ပြီးမှ မင်းတို့ဟိုဘက်ကို ရွှေ့လိုက်ဆိုပြီး ရွှေ့ပြောင်းစရိတ်ပေးတယ်။ မတရားတာလုပ်သွားတာ။ ပြည်ထောင်စုအစိုးရသိဖို့ ကျွန်တော်တင်ပြထားတာ။ ကချင်ပြည်နယ်အစိုးအရအဖွဲ့ကို တင်လိုက်တယ်။ မြေစာရင်းအဖွဲ့ကို တင်ပြတယ်။ စစ်ဆေးပေးပါဆိုပြီးမှ။ ညွှန်ကြားချက်လာတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ကုမ္ပဏီရဲ့ မတရားမှုကိုတစ်ခုမှ မဖော်ဘူး။ တစ်ခုမှ မစစ်ဆေးဘူး။ ကျွန်တော်တို့တွေ မတရားခံနေရတာ။ ကျွန်တော်တို့ ဒီလိုမဖော်ထုတ်ရင် အစိုးရမသိဘူး” ဟု ဆန္ဒထုတ်ဖော်မှုအား            ဦးဆောင်သူဦးထွန်းထွန်းက ပြောကြားသည်။

လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ၌ နေထိုင်သူဒေါ်မိုးညွှန့်ဆွေကလည်း “ကျွန်မတို့ဆီမှာ ရွှေမျှောတွေတိုက်ပါတယ်။ ဒီလိုတိုက်တော့ မျှောစာတွေအားလုံးဟာ ကျွန်မတို့လယ်ကွင်းတွေရဲ့ ရေထွက်ပေါက်မှာ အားလုံးပိတ်ဆို့သွားတယ်။ ပိတ်ဆို့သွားတဲ့အချိန်မှာ ကျွန်မတို့ဟာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို နှစ်စဉ်နှစ်စဉ် တင်ပြတယ်။ တင်ပြပေမယ့်လည်း ကုမ္ပဏီတွေက ကျွန်မတို့အပေါ်မှာ ဘာမှဆောင်ရွက်ပေးခြင်း မရှိဘူး။ ကုမ္ပဏီတစ်ခုတည်း မဟုတ်ဘူး။ အများကြီးပါ။ မျှောစင်တင်ပြီး ကျောက်ရှာတယ်။ ဧကတစ်ထောင်ကျော်ရှိတဲ့ ကျွန်မတို့ လုံးခင်းကွင်းက အခုဆိုရင် ဧကသုံးရာလောက်ပဲ လုပ်နိုင်တော့တဲ့ အခြေအနေရှိတယ်။ အဲဒီသုံးရာမှာကော လူတိုင်းက သီးနှံစိုက်ပျိုးလို့ အောင်မြင်အောင် ခံစားရသလား မေးကြည့်ပါ။ ဘယ်သူမှမခံစားရပါဘူး။ အနည်းအကျဉ်းလောက်ပဲ ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ ရေကမထွက်ဘူး။ မိုးတစ်ခါရွာလိုက်ရင် ရေတွေဟာ အဲဒီကွင်းပြည့်ကွင်းလျှံတဲ့အထိ လချီပြီးနေပါတယ်။ အခုချိန်ထိလည်း လုံးခင်းကွင်းကရေ မကျသေးပါဘူး။ ကျွန်မတို့ အမျိုးမျိုးတင်ပြပေမယ့်လည်း ဆောင်ရွက်ပေးတာ မရှိတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ပါတယ်။