မင်းဘူးမြို့နယ်နှင့် ငဖဲမြို့နယ်အစပ်ရှိ ကျောက်မီးသွေးတွင်းပြိုကျမှုဖြစ်စဉ်ကြောင့် သေဆုံးသူရှစ်ဦး၏ ရုပ်အလောင်းများအားလုံး ဆယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူများအတွက် နစ်နာကြေးရရှိနိုင်ရန် ဆွေးနွေးမှုများဆောင်ရွက်မည်ဟု ပြောကြား

မင်းဘူးမြို့နယ်နှင့် ငဖဲမြို့နယ်အစပ်ရှိ ကျောက်မီးသွေးတွင်းပြိုကျမှုဖြစ်စဉ်ကြောင့် သေဆုံးသူရှစ်ဦး၏ ရုပ်အလောင်းများအားလုံး ဆယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူများအတွက် နစ်နာကြေးရရှိနိုင်ရန် ဆွေးနွေးမှုများဆောင်ရွက်မည်ဟု ပြောကြား
Published 30 November 2017

တွင်းပြိုမှုဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးတွင်းတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုများကို တွေ့ရစဉ်

နိုင်ဝင်ဘာ ၂၇ ရက် ညနေပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်နှင့် ငဖဲမြို့နယ်အစပ်ရှိ ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူရှစ်ဦး၏ ရုပ်အလောင်းများအား လုံးကိုနိုင်ဝင်ဘာ ၂၉  ရက် မွန်းလွဲပိုင်းတွင် ဆယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးခဲ့သူများအတွက် နစ်နာကြေးရရှိနိုင်ရန် ဆွေးနွေးမှုများ ဆောင်ရွက်မည်ဟု တိုင်းဒေသကြီးအစိုးရ အဖွဲ့အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျောက်မီးသွေးတွင်း အပြင်ဝအနီး လုပ်ငန်းလုပ်ကိုင်နေသည့် အလုပ်သမားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တွင်းပြိုကျမှုဖြစ်စဉ်ပြီး စတွင်း၏အနီးဆုံး အပိုင်းသို့ ဝင်ရောက်ရှာဖွေရာမှ အခင်းဖြစ်ည ၁၀ နာရီခန့်တွင် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများ ဆယ်ထုတ်ရရှိခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီခန့်အထိ ကယ်ဆယ်ရေးအဖွဲ့ ဝင် ၁၀ ဦး ကျောက်မီးသွေးတွင်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာမှ ဒုတိယအကြိမ် ရုပ်အလောင်းနှစ်လောင်း ထပ်မံဆယ်ထုတ်ရရှိခဲ့ကြောင်း ထို့နောက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင် တတိယအကြိမ် ရုပ်အလောင်းနှစ်လောင်း နိုဝင်ဘာ ၂၉  ရက် မွန်းလွဲ ၂ နာရီကျော်တွင် နောက်ဆုံးကျန်ရှိနေသည့် ရုပ်အလောင်းနှစ်လောင်းတို့ကို ဆယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

“ဒီကျောက်မီးသွေးတွင်းတွေကို လုပ်ကိုင်ခွင့်ချပေးတာက ပြည်ထောင်စု သတ္တုတွင်းဝန်ကြီးဌာနက တိုက်ရိုက်ချပေးတာဆိုတော့ အလုပ်သမားနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေပါ မပါတော့ ကျွန်တော်တို့ မသိရပါဘူး။ အားနည်းချက်တွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော်တို့ အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ကတော့ ၁၉၂၃ ခုနှစ် အလုပ်သမား လျော်ကြေးဆိုင်ရာ ဥပဒေအရ လုပ်ငန်းခွင်မှာ သေဆုံးသွားတဲ့ လုပ်သားတွေအတွက် အလုပ်ရှင်ဘက်ကနေ လျော်ကိုလျော် ပေးရပါမယ်။ ဒါပေမဲ့ အဲဒီဥပေဒေပါ ငွေကြေးပမာဏက ခုခေတ်ငွေကြေးနဲ့စာရင် ကျပ် ၄၅၀၀၀၀ ဆိုတာ အလွန်အင်မတန်ကို အလုပ်သမားဘက်က အများကြီးနစ်နာတယ်။ ဒါကြောင့် အလုပ်ပိုင်ရှင်၊ ကုမ္ပဏီပိုင်ရှင်ဘက်ကနေမှ လူမှုကရုဏာကြေးအဖြစ် ထပ်မံတိုးပေးနိုင်ဖို့ သက်ဆိုင်ရာဌာန အကြီးအကဲတွေနဲ့ အလုပ်ရှင်နဲ့ တွေ့ဆုံဆွေးနွေးသွားပါမယ်” ဟု ဦးနေမျိုးကျော်က ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို မင်းဘူးမြို့၌ နိုင်ဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ယင်းသို့တွေ့ဆုံညှိနှိုင်းရာတွင် မကွေးတိုင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာကုမ္ပဏီ၊ အလုပ်ရှင်၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် သေဆုံးခဲ့သည့် အလုပ်သမားများ၏ မိသားစုဝင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြိုကျမှုဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးတွင်း လုပ်ကိုင်ခွင့်ရထားသည့် ဟန်ထက် ကုမ္ပဏီမန်နေဂျာ ဦးအောင်ကျော်လင်းက “သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်တဲ့မိသားစုတွေကို အကူအညီတွေ အကုန်လုံး ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်။ သူတို့ရဲ့အတိုင်းအတာကို အဆင်ပြေသွားအောင် ကျွန်တော်တို့ဘက်က ထောက်ပံ့ပေးသွားမှာပါ။ ခုလို မတော်တဆမှု ဖြစ်သွားတဲ့အတွက် အလုပ်သမားတွေ ဆုံးရှုံးရတဲ့အတွက်လည်း အများကြီး ဝမ်းနည်းနေရပါတယ်” ဟု  The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ပြိုကျခဲ့သည့် ကျောက်မီးသွေးတွင်း သည် ရွှေစက်တော်ဘုရားနှင့် နှစ်မိုင်ခန့်အကွာ ရွှေစက်တော် ငဖဲမြေသားလမ်း၏ ဝဲဘက်နံဘေးရှိ ကျောက်တစ်လုံး ကျောက်မီးသွေးမှော်အတွင်း တည်ရှိကြောင်း မြေအောက် ပေ ၆၀၀ ခန့်အနက်ရှိ ယင်းကျောက်မီးသွေးတွင်း အတွင်းသို့ လေပေးပို့သည့်ပိုက် ပြတ်တောက်၍ မြေမပြိုစေရန် ထောက်ကန်ထားသော သစ်လုံးများ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမှော်အတွင်း ကျောက်မီးသွေးတွင်းကြီး နှစ်တွင်းတူးဖော်ထုတ်ယူလျက်ရှိကြောင်း ယင်းမှော်တွင် မြန်မာလုပ်သား ၂၀ ကျော်နှင့် တရုတ်ပြည်မကြီးမှ လုပ်သားခုနှစ်ဦး လုပ်ငန်းလုပ်ကိုင်ကြကြောင်း သေဆုံးခဲ့သူရှစ်ဦးတွင် တရုတ်လူမျိုးတစ်ဦး၊ တရုတ်မြန်မာ စကားပြန်တစ်ဦး၊ မြန်မာလုပ်သား ခြောက်ဦး ပါဝင်ကြောင်း သက်ဆိုင်ရာတာ ဝန်ရှိသူများထံမှ သိရသည်။

Most Read

Most Recent